အိမ်ရာချေးငွေစနစ် သက်တမ်းနုချိန်တွင် အတိုးနှုန်း လိုအပ်ချက်များရှိနေ

အိမ်ရာချေးငွေစနစ် သက်တမ်းနုချိန်တွင် အတိုးနှုန်း လိုအပ်ချက်များရှိနေ

ရန်ကုန်၊ ဇူလိုင် ၆ ။        ။ မြန်မာနိုင်ငံတွင် အိမ်ရာချေးငွေစနစ်သည် ၂၀၁၈ ခုနှစ်အတွင်း တွင်ကျယ်လာခဲ့သော်လည်း အတိုးနူန်းကြီးမြှင့်မှုကြောင့် လိုအပ်ချက်များရှိနေသည်ဟု အိမ်ခြံမြေရောင်း၊ဝယ်၊ငှား ၀က်ဘ်ဆိုက် ကုမ္ပဏီ Shwe Property ၏ တည်ထောင်သူ ကိုကောင်းသူဝင်း က ပြောသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိကမှ အိမ်ရာချေးငွေများကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်း၊ လက်ငင်းပေးချေမှု ၃၀ ရာခိုင်နူန်း ဖြင့် ၀ယ်ယူရရှိနိုင်ပြီး အစိုးရမှသတ်မှတ်ပေးထားသည့်အိမ်ရာများကို အတိုးနူန်း ၈ ဒဿမ ၅ ရာခိုင်နှုန်း၊ လက်ငင်းပေးချေမှု ၂၀ ရာခိုင်နှုန်းဖြင့် ရရှိနိုင်မည်ဖြစ်သည်။

"ဘဏ်တွေကထုတ်ပေးရင် နည်းနည်းတော့သဘောကျတာပေ့ါနော်။ သူတို့တွေကို ၃၀ ရာခိုင်နှုန်း ပေးရမယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ သာမာန်လူတစ်ယောက်အနေနဲ့ မပေးနိုင်ဘူးပေါ့နော်။ လစဉ်သူများဆီမှာနေလည်း တစ်သိန်းလောက်က နေလို့ရတာပဲလေ။ အဲဒီအချိန်မှာ သူ့လည်း ပေးရဦးမယ် လက်ထဲမှာစုထားတာတွေမရှိဘူးဆိုရင်တော့ သိပ်အဆင်မပြေဘူးပေါ့" ဟု အိမ်ငှားနေထိုင်သူ မအိဖြူ ကပြောပြသည်။

၄င်းအနေဖြင့် ၃၀ ရာခိုင်နူန်းလက်ငင်းငွေပေးချေမှုကို မတတ်နိုင်၍ အိမ်ရာချေးငွေကို မလျှောက် ထားခဲ့ခြင်းဖြစ်သည်။

"နှစ်ကျပ်၊ နှစ်ကျပ်ခွဲ၊ သုံးကျပ်ထက်မကျော်ဘူး။ သုံးကျပ်အောက်လောက် တွက်ပြီးသွားမှကိုက်မှာ။ ဘာလို့ဆိုနှစ်ရှည်သွားရတာကိုး။ နှစ်ရှည်သွားရတာဆိုတော့ သူတို့မှာက နှစ်ရာသတ်မှတ်ထားတယ်။ သူတို့ကျေမယ့်အချိန်မှာ သူတို့သွင်းတဲ့အတိုးနှုန်းနဲ့တွက်ကြည့်ရင် တအားကြီး" ဟု အိမ်ငှားနေထိုင်ဖူးသူ ကိုယုကို ကပြောသည်။

အိမ်ရာဝယ်ယူနိုင်ရန်အတွက် အဓိကနည်းလမ်းနှစ်ခုရှိနေပြီး ပထမနည်းလမ်းအနေဖြင့် လက်ငင်း ငွေပေးချေမှုကို လျော့ချပေးခြင်း၊ ဒုတိယနည်းလမ်းအနေဖြင့် အရစ်ကျပေးချေနိုင်သည့် နှစ်ကာလ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု Yoma Land အိမ်ခြံမြေ ကုမ္ပဏီ ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Cyrus Pun က ဆိုသည်။

"ဖွံ့ဖြိုးနေတဲ့နိုင်ငံတွေမှာလည်း အတိုးနှုန်းကမြင့်မားနေပါတယ်။ အလျှင်အမြန်ဖွံ့ဖြိုးလာတာတွေ စီးပွားရေးမှာ ငွေကြေးဖောင်းပွမှုမြင့်မားလာတာတွေကြောင့်ဆိုတာ မြင်နိုင်ပါတယ်။ ဆိုတော့ အတိုးနှုန်းကအမြဲတမ်းမြင့်မားနေမှာပါပဲ။ ဒါပေမဲ့ဒီအတိုးနှုန်းက အချိန်နှင့်အမျှ တစ်ဖြည်းဖြည်း လျော့သွားနိုင်ပါတယ်။ ပုံမှန်လူတစ်ယောက်အတွက် သူတို့ပုံမှန်ငွေပေးချေနေနိုင်ဖို့အတွက် ဘာကအရေးကြီးပါလဲ။ ပိုပြီးကြွယ်ဝလာဖို့ပါ။ စောစောဝယ်ထားမယ်ဆိုရင် ပထမအချက်အနေနဲ့ ခင်ဗျားရဲ့လစာကလည်း တိုးလာနေမှာပါပဲ။ ခင်ဗျားရဲ့အိမ်တန်ဖိုးကလည်း အမြဲတမ်း စျေးတက် လာမှာပါပဲ" ဟု Yoma Land ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Cyrus Pun က ဇွန်လ ၂၆ ရက်နေ့က မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံရှိ အိမ်ရာချေးငွေအတိုးနှုန်းမှာ ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် များနေပြီး အတိုးနှုန်းလျော့ရန်အတွက် ဗဟိုဘဏ်၏သတ်မှတ်ချက်များ၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ မူဝါဒများ အပေါ် မူတည်နေသည်ဟု အိမ်ခြံမြေရောင်း၊ဝယ်၊ငှားဝက်ဘ်ဆိုက်ကုမ္ပဏီ Shwe Property ၏ တည်ထောင်သူ ကိုကောင်းသူဝင်း က ဆိုသည်။

"အိမ်ရာချေးငွေကဏ္ဍက အိမ်ခြံမြေကဏ္ဍအတွက် အရမ်းကိုသက်တမ်းနုသေးတယ်ပေါ့နော်။ သက်တမ်းနုသေးတဲ့ကာလမှာ လိုအပ်ချက်တွေအများကြီးရှိတဲ့ အဲဒီလိုအပ်ချက်တွေထဲမှာ အတိုးနှုန်းလည်းပါတယ်ပေါ့နော်။ တခြားနိုင်ငံတွေမှာဆိုရင်လည်း အိမ်ရာချေးငွေကဏ္ဍ ဘဏ်တွေ ကလုပ်ပြီဆိုရင် အတိုးနှုန်းတွေက စ Lunch လုပ်တဲ့အချိန်မှာ များပါတယ်။ ပြီးမှဘဏ်တစ်ခုချင်း တစ်ခုချင်းယှဉ်ပြိုင်ရင်းနဲ့ ကမ္ဘောဒီယားတို့ဘာတို့ဆိုရင် ရ၊ ၈ လောက်ဖြစ်သွားတယ်။ ထိုင်းဆိုလည်း ရ၊ ၈ လောက်ဖြစ်သွားတယ်။ စင်္ကာပူကတော့ ကိုယ်တို့နဲ့ယှဉ်လို့မရဘူး ၂ ဒဿမ၅၊ ၃ ရာခိုင်နှုန်း လောက်ပဲရှိတယ်" ဟု အိမ်ခြံမြေရောင်း၊ဝယ်၊ငှားဝက်ဘ်ဆိုက်ကုမ္ပဏီ Shwe Property ၏ တည်ထောင်သူ ကိုကောင်းသူဝင်း ကပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လစဉ်ဝင်ငွေ ၃ သိန်းမှ ၅ သိန်းအထိ၊ ၅ သိန်း မှ ၁၂ သိန်းအထိ ရှိသည့် အငြိမ်းစားများ၊ ကုမ္ပဏီဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း နှင့် ပြည်သူများအတွက် တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများကို အရစ်ကျပေးချေဝယ်ယူနိုင်ရန် ဆောင်ရွက်နေသည်။ ၄င်းတန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ လျှောက်ထားသူ ၅၅၂၇ ဦး ရှိခဲ့ရာမှ ဇွန်လ ၂၅ ရက်နေ့တွင် အိမ်ခန်း တစ်ထောင်ကျော်ကို မဲနှိုက်ရွေးချယ်ပေးခဲ့သည်။

"ကျွန်တော်တို့ပြည်သူတွေအနေနဲ့က နေရေးထိုင်ရေးတွေမှာ အခက်အခဲရှိတယ်။ တစ်ဦးတစ်ယောက် တစ်ဖွဲ့စည်းတွေကနေပြီးတော့ ပြောရရင်တော့ အိမ်တွေ ကစားတယ်။ မြေတွေကစားတယ်။ ခြံတွေကစားတယ်။ တကယ်တော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့မြေစျေးတွေက အမေရိကထက်တောင် မြင့်တယ်လို့ပြောလို့ရတာပေါ့နော်" ဟု ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ၏ အတွင်းရေးမှူး ဦးညီညီက ဇွန်လ ၂၅ ရက်နေ့ကပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အိမ်ရာစီမံကိန်းများလုပ်ဆောင်ရန်ရှိနေသောကြောင့်  မြေကွက်နှင့် တိုက်ခန်းများကိုစျေးအတက်အကျကြည့်၍သာ အရောင်းအဝယ်၊   စျေးကစားလုပ်နေသူများအနေဖြင့်  နောက်ပိုင်းတွင် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း ဦးညီညီကဆိုသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကလုပ်ငန်းများမှ အိမ်ရာချေးငွေထုတ်ပေးမှုသည် ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်ကာ တွင်ကျယ်လာခဲ့ပြီး အစိုးရအဖွဲ့မှလည်း တန်ဖိုးနည်းအိမ်ယာများ၊ တန်ဖိုးသင့်အိမ်ယာများ၊ အငှားအိမ်ယာများကို ဖော်ဆောင်သွားရန်ရှိနေသည်။

မြန်မာနိုင်ငံ၌ မြို့ပြဒေသတွင် နေထိုင်သည့် အိမ်ထောင်စု ၆၆ ရာခိုင်နူန်းခန့်သည် အိမ်ပိုင်ရှိနေပြီး ၁၀ ရာခိုင်နူန်းခန့်မှာ ငှားရမ်းနေထိုင်သူ၊ ရ ရာခိုင်နူန်း ခန့်မှာ အစိုးရအိမ်များတွင်   နေထိုင်သူများဖြစ်ကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required