မျိုးစေ့မမှန်ရောင်းချသော ကုမ္ပဏီအား တောင်သူများဆန္ဒပြ

မျိုးစေ့မမှန်ရောင်းချသော ကုမ္ပဏီအား တောင်သူများဆန္ဒပြ

မုံရွာ၊ ဇူလိုင် ၆။         ။ ဂရိတ်ဝေါကုမ္ပဏီမှ စပါးမျိုးစေ့များကို စျေးကြီးပေး၍ ဝယ်ရသော်လည်း မျိုးစေ့မမှန်မကန် ရောင်းချခဲ့သဖြင့် ဒီပဲယင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်မှ တောင်သူ ၁၀၀ ကျော်မှ ဇူလိုင် ၆ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၌ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ကုမ္ပဏီမှ မျိုးစေ့တစ်တင်းလျှင် ၈၉၆၀၀ ကျပ်ဖြင့် တောင်သူများကဝယ်ယူစိုက်ပျိုးခဲ့ရပြီး ရိတ်သိမ်းချိန်လွန်ခဲ့သော်လည်း ရိတ်သိမ်း၍မရဖြစ်နေကြောင်း တောင်သူများက ဆိုသည်။

"တချို့တောင်သူတွေက နည်းနည်းတော့ ရကြသေးတယ်။ အများစုကတော့ မရိတ်ရသေးပဲ ငိုက်နေကြပြီ။ဘာဆက်လုပ်ရမှန်းလဲမသိတော့ဘူး" ဟု ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီး ကျေးရွာမှ ဆန္ဒပြသူတောင်သူတစ်ဦးကပြောသည်။

တောင်သူမျိုးစေ့တစ်တင်းလျှင် ကျပ်ငါးထောင်မှ ကိုးထောင်ကြားရှိနေချိန်တွင် ကုမ္ပဏီမှရောင်းချပေး သော Gw1 ဆန်မျိုးစပါးအား တစ်တင်းလျှင် ကျပ်ကိုးသောင်းခန့်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း တောင်သူ များက ဆိုသည်။

ဂရိတ်ဝေါကုမ္ပဏီမှထုတ်ပေးသော မျိုးစေ့အား ၂၀၁၄ခုနှစ်ကတည်းက စတင်စိုက်ပျိုးခဲ့ပြီး ယခင်နှစ် များက ပုံမှန်ရိတ်သိမ်းချိန်တွင် ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ခဲ့သော်လည်း ယခုနှစ်တွင် မျိုးစေ့ မမှန်သဖြင့် ရိတ်သိမ်းချိန်၌ အခက်အခဲဖြစ်ပွားနေခြင်း ဖြစ်သည်။

"နိုင်ငံတော်အနေနဲ့လည်း မျိုးစေ့အမှန်ဖြစ်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ကုမ္ပဏီ အနေနဲ့လည်း တောင်သူတွေရဲ့နစ်နာမှုတွေကို လျော်ပေးစေချင်ပါတယ် "ဟု ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာမှ တောင်သူ ဦးသန်းဝေက မုံရွာမီဒီယာများကိုပြောသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ဒီပဲယင်းမြို့နယ်၌ သရက်ကန်အရှေ့ကျေးရွာ၊ ညောင်မတိုးကျေးရွာ တို့မှ တောင်သူများ ပါဝင်ခဲ့ပြီး ရွှေဘိုမြို့နယ်တွင် သီးလုံးကျေးရွာ၊ လိပ်ချင်းကျေးရွာ၊ ညောင်ပင် သာကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာတို့မှ တောင်သူများ ပါဝင်ခဲ့ကြသည်။

ဆင်းရဲသားတောင်သူလယ်သမားများအပေါ် မမှန်မကန် ဂုတ်သွေးစုတ်အမြတ်ထုတ်သော မန္တလေးဂရိတ်ဝေါကုမ္ပဏီ အလိုမရှိ၊ တရားဥပဒေစိုးမိုးရေး၊ တောင်သူများ၏ ဆုံးရှုံးနစ်နာမှုများကို တာဝန်ယူမှု တာဝန်ခံမှုမရှိသော မန္တလေး ဂရိတ်ဝေါကုမ္ပဏီအား အရေးယူဆောင်ရွက်ပေးရေး၊ စသည့်တို့အား ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါကိစ္စအတွက် ဂရိတ်ဝေါကုမ္ပဏီမှ တာဝန်ရှိသူအား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ် ခဲ့သော်လည်း ဖုန်းကိုင်ခဲ့ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required