ဖာပွန်ခရိုင်တွင် လမ်းပြန်ဖောက်ရန် တပ်မတော်နှင့်KNU ဆွေးနွေးသွားမည်

ဖာပွန်ခရိုင်တွင် လမ်းပြန်ဖောက်ရန် တပ်မတော်နှင့်KNU ဆွေးနွေးသွားမည်

 

ရန်ကုန်၊ ဇူလိုင် ၆ ။                              ။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် တပ်မတော်မှဖောက်လုပ်မှု ယာယီရပ်ဆိုင်းထားသောလမ်းကို လာမည့်ပွင့်လင်းရာသီတွင် ပြန်လည် ဖောက်လုပ်နိုင်ရန် ကရင်အမျိုးသားအစည်းအရုံး KNU နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း JMC-U  မှတပ်မတော်ကိုယ်စားလှယ်ဖြစ်သည့် ဗိုလ်မှူးကြီးဝဏ္ဏအောင် ကပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ၁၇  ကြိမ်မြောက် ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ  JMC-U ၏  ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ လမ်းဖောက်လုပ်မှုကိုတော့ ယာယီရပ်ဆိုင်းထားတာပေါ့နော်။ မိုးတွင်းကာလလည်းဖြစ်တော့ လမ်းဖောက်လုပ်မှုကိုတော့ ယာယီရပ်ဆိုင်းထားပါတယ်။ ပွင့်လင်းရာသီမှာတော့ လမ်းလေးကို ပြန်ပြီးဖောက်လုပ်နိုင်ရေးအတွက်တော့ ဆွေးနွေးဆောင်ရွက် သွားကြမှာဖြစ်ပါတယ် “ ဟု ဗိုလ်မှူးကြီး ၀ဏ္ဏအောင်ကဆိုသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် ခေးပူနှင့် လယ်မူပလောရွာအကြား၌ ကားလမ်း ဖောက်လုပ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ စပြီး တပ်မတော်မှ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တပ်မတော်ဘက်မှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ၀င်ရောက်လာမှုကြောင့် နှစ်ဖက် တပ်ဖွဲ့ွများအကြား တင်းမာမှုတချို့ ဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၄ ရွာ ၊ လူဦးရေ ၂၀၀၀ နီးပါးခန့် စစ်ရှောင် ခဲ့ရသည်။

သို့သော် လမ်းဖောက်လုပ်မှုမှာ တပ်မတော်၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စများဆောင်ရွက်နိုင်ရေးအပြင် ဒေသဖွံဖြိုးရေးအတွက် ရည်ရွယ်ဖောက်လုပ်ရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင်ကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးဦးဆောင်သည့် ထိပ်ပိုင်းခေါင်းဆောင် များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီချက်အရ လမ်းဖောက် လုပ်မှုကိုယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် ပါ၀င်လက်မှတ်ရေးထိုးထားသည့် အဖွဲ့လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required