မြိတ်ကျွန်းစုတွင် လှိုင်းလေကြီးနေ၍ ငါးဖမ်းဆီးမှု အခက်အခဲကြံုရ

မြိတ်ကျွန်းစုတွင် လှိုင်းလေကြီးနေ၍ ငါးဖမ်းဆီးမှု အခက်အခဲကြံုရ

 

မြိတ်၊ ဇူလိုင်လ (၆) ။          ။ မြိတ်ကျွန်းစု ကမ်းရိုးတမ်းတစ်လျှောက်တွင် တံငါလုပ်ငန်းကို လုပ်ကိုင်နေကြသည့် ကမ်းနီး ငါးဖမ်းလှေငယ်များသည်၊ ယခုနှစ် မိုးရာသီတွင် လှိုင်းလေ ကြီးမားနေ၍ ငါးဖမ်းဆီး ရရှိမှု နည်းပါးလာခြင်းကြောင့် တွက်ခြေမကိုက် ဖြစ်နေကြောင်း ရေလုပ်သားများထံမှ သိရသည်။

မြန်မာ့ရေပြင်တွင် ဇွန်၊ ဇူလိုင်လနှင့် သြဂုတ်လ များတွင် ငါးမွေးရာသီအဖြစ် သတ်မှတ်ထားကာ၊ ကမ်းဝေး ငါးဖမ်းလှေများကို ပိတ်သိမ်းထားခြင်း ဖြစ်ပြီး၊ ကမ်းနီး ငါးဖမ်းလှေများကို ငါးဖမ်းဆီးမှုခွင့်ပြု ပေးထားခြင်း ဖြစ်သည်။

“ဒီနှစ်က ပင်လယ်ပြင်မှာ လှိုင်းလေတွေ ရှိတော့ငါးဖမ်းဆီးရတာ အန္တရာယ် များနေပါတယ်။ကမ်းနီး ငါးဖမ်းလှေတွေက ပင်လယ်ပြင်ထဲ သိပ်မထွက်ရဲကြပါဘူး။ ဒီတော့ ငါးမရတော့ စရိတ်ရှုံးကြတော့ ရေလုပ်သားတွေလည်း လုပ်အားခတွေ အရနည်းလာတယ်။ ဒီနှစ်တော့တချို့ ငါးဖမ်းလှေတွေ ရပ်နား ထားကြတယ်”လို့ ကမ်းနီး ငါးဖမ်းစက်လှေမှ ငါးဆရာ ဦးစွမ်းထက်နိုင်က ပြောဆိုသည်။

ယခုကဲ့သို့ မိုးရာသီ ၃ လတွင် နိုင်ငံတော်မှ ငါးမွေးရာသီဖြစ် သတ်မှတ်ထားပြီး၊ ကမ်းဝေး ငါးဖမ်းလှေများကို (လုံးဝ) မဖမ်းရဟု သတ်မှတ်ထားကြောင်း မြိတ်ခရိုင် ငါးဦးစီးဌာနရုံးထံမှ သိရသည်။

မြိတ်မြို့ သာကေတရပ်ကွက်ရှိ မနက်ခင်း ငါးအဝယ်ဒိုင်လေးမှ ဒေါ်စန်းဝေက “ ဒီနှစ်မှာ ငါးတွေ အဝင်နည်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာတွေမှာ ရာသီဥတုဆိုးလို့ ဆိုပြီး ကမ်းနီး ငါးဖမ်းလှေတွေ ရပ်နားထားတယ် ပြောတယ်၊ ပင်လယ်ပြင်မှာ ငါးအရ နည်းတော့အလုပ်သမားခတွေနဲ့ မကိုက်လို့ ခဏ နားလိုက်ကြတယ် ပြောတယ်။အခုဆိုရင် ငါးအဝယ်ဒိုင်တွေမှာ သိပ်လာတော့ဘူး။ တစ်ရက်ကို လှေ နှစ်စီး သုံးစီးလောက်ပဲ ၀င်တယ်”ဟု ပြောသည်။

မြိတ်မြို့ပေါ်ရှိ ငါးအဝယ်ဒိုင်များတွင် စျေးကွက်ဝင်သည့် ကုလားကုတ်ငါး၊ ဇယောငါး၊ ဘီးစင်းငါးနှင့် ဟင်းချိုမ ငါးတို့သည်ပြီးခဲ့သည့် ၃ လခန့်က တစ်ပိသာလျှင် ၆၀၀၀ ကျပ်ရှိပြီး၊ လက်ရှိတွင် ၆၅၀၀ ကျပ်အထိ စျေးတက်နေသဖြင့် အခြေခံ လူတန်းစားများမှာ ၀ယ်စားနိုင်ခြင်းမရှိဘဲ ဒေသခေါ် စျေးငါး (ငါးကြမ်း) များကိုသာ ၀ယ်စားနိုင်ကြောင်း မြို့ခံများထံမှ သိရသည်။

စျေးများတွင် ငွေကြေး တတ်နိုင်သူများက အထက်ဖော်ပြသည့် ငါးများကို ၀ယ်ယူကြ၍ စျေးအနည်းငယ် ခုန်တက်နေကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းကျွန်းပေါင်း ၈၀၀ ကျော်နှင့်ပင်လယ်ရွာ စုစုပေါင်း ၁၀၀ ကျော်ရှိကာ အများစု ဒေသခံများသည် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly