ရန်ကုန်မိုးပျံ အမြန်လမ်းမတည်ဆောက်ရန် တရုတ်နှင့် ပြည်တွင်း နာမည်ကြီး ကုမ္ပဏီများ အဆိုပြု

ရန်ကုန်မိုးပျံ အမြန်လမ်းမတည်ဆောက်ရန် တရုတ်နှင့် ပြည်တွင်း နာမည်ကြီး ကုမ္ပဏီများ အဆိုပြု
ရန်ကုန်-မန္တလေး အမြန်လမ်းမ။ ဓာတ်ပုံ - GNLM

ရန်ကုန် ၊ ဇူလိုင် ၆ ။           ။ ရန်ကုန်မိုးပျံ အမြန်လမ်းမ စီမံကိန်း တည်ဆောက်ရန် အဆိုပြုထားသည့် ကုမ္ပဏီပေါင်း ၅၃ ခုအထိ ရှိနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်း မိုးပျံအမြန်လမ်းမစီမံကိန်း၌ ရင်းနှီးမြှပ်နှံလိုသူ ကုမ္ပဏီ ၅၃ ခုထဲတွင် တရုတ်အခြေစိုက်ကုမ္ပဏီများနှင့် ပြည်တွင်း နာမည်ကြီးကုမ္ပဏီများ အများဆုံးပါဝင်နေခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ တရုတ်ကုမ္ပဏီ ၁၃ ခု ၊ ပြည်တွင်းကုမ္ပဏီ ၁၆ ခု ၊ ဂျပန်ကုမ္ပဏီ ရ ခု ၊ ကိုးရီးယား ကုမ္ပဏီ ၄ ခု ၊ အိန္ဒိယကုမ္ပဏီ ၃ ခု တို့အပြင် တခြား နိုင်ငံများမှ ကုမ္ပဏီများလည်း ပါဝင်နေခဲ့သည်။

ပြည်တွင်းကုမ္ပဏီများအနက် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းလီမိတက်- MTSH ၊ Max Myanmar ၊ Shwe Taung development ၊ Capital Development စသည့် လုပ်ငန်းရှင်ကြီးများ၏ ကုမ္ပဏီများ ပါဝင်နေပြီးု ပြည်ပ နာမည်ကြီး ကုမ္ပဏီများထဲတွင် ဒေဝူး(ကိုရီးယား)၊ China Railway International Group Ltd(တရုတ်)၊ Bangkok Expressway and Metro Public Ltd (ထိုင်း) ၊ ဆူမီတိုမို (ဂျပန်) ကုမ္ပဏီများ ပါဝင်လျှက်ရှိသည်။

လာမည့် သြဂုတ်လအတွင်း၌ ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်းနှင့် ပတ်သက်ပြီး Request For Qualification ခေါ်ယူရန်ပြင်ဆင်နေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်မိုးပျံအမြန်လမ်းမကြီးစီမံကိန်း ကို စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ Engineering ပိုင်းကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိမ်းသိမ်းရေးကဏ္ဍများ အား PPP (Public Private Partnership ) အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းမှာ ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုံနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ကို ဆက်သွယ်ပေးမည်ဖြစ်ပြီး ကီလိုမီတာပေါင်း ၄၇ ဒဿမ ၅ ရှည်လျားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required