၀ီဂါစစ်သွေးကြွအားလုံးနီးပါး သုတ်သင်ပြီးဖြစ်ဟု ပါကစ္စတန်ပြောကြား

၀ီဂါစစ်သွေးကြွအားလုံးနီးပါး သုတ်သင်ပြီးဖြစ်ဟု ပါကစ္စတန်ပြောကြား

ပေကျင်း၊ စက်တင်ဘာ ၂ ။         ။ ဝီဂါစစ်သွေးကြွအုပ်စု အရှေ့တာကစ္စတန်အစ္စလာမ္မစ်လှုပ်ရှားမှု(ETIM)မှ အဖွဲ့ဝင်အားလုံးနီးကို ပါကစ္စတန် ဖယ်ရှားသုတ်သင်ပြီးဖြစ်သည်ဟု ပေကျင်းသို့ရောက်ရှိစဉ် စက်တင်ဘာ ၂က ပါကစ္စတန်သမ္မတက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အနောက်ဖျားပိုင်း ရှင်ကျန်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်ဆူပူများမှာ ETIM ကဲ့သို့ အစ္စလာမ္မစ်ခွဲထွက်ရေးအုပ်စုများ၏ လက်ချက်ဟု တရုတ်က အပြစ်တင်လျက်ရှိသည်။ ETIM သည် အရှေ့တာကစ္စတန်ဟု ခေါ်ဆိုသည့် လွတ်လပ်သည့်နိုင်ငံတစ်ခုကို တည်ထောင်ရန်လိုလားနေပြီး ပါကစ္စတန်နှင့် အာဖဂန်ကဲ့သို့ နိုင်ငံများတွင် အခြေစိုက်စခန်းများရှိသည်ဟု တရုတ်က ဆိုသည်။

သို့သော်လည်း ယင်းသို့တရုတ်၏ ပြောကြားမှုကို ပြည်ပရေးရာကျွမ်းကျင်သူအများကမူ မေးခွန်းထုတ်လျက်ရှိသည်။ Zarb-e-Azb ဟုအမည်ဝှက်ပေးထားသော မကြာသေးခင်က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးက ပါကစ္စတန်မှ အကြမ်းဖက်မှုကို သုတ်သင်ရာတွင် အောင်မြင်မှုရနေပြီဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင်ပင်းနှင့် မဟာပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံရာတွင် ပါကစ္စတန်သမ္မတ မမ်နွန်းဟူစိန် ကပြောကြားခဲ့သည်။

" ဒီစစ်ဆင်ရေးက ကျွန်တော်တို့နိုင်ငံက ETIM အင်အားစုတွေကို သုတ်သင်ရာမှာ အများကြီးအထောက်အကူဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ETIM အဖွဲ့ဝင်အားလုံး သုတ်သင်ပြီးဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့ရှိတယ်ဆိုအုံးတောင် မဆိုစလောက်ပါပဲ " ဟူစိန်က ပြောသည်။

တရုတ်နှင့် ပါကစ္စတန်တို့မှာ သံမဏိညီအစ်ကိုများဖြစ်ပြီး တစ်ဦးကို တစ်ဦး အမြဲတမ်း အားတက်သရောကူညီလေ့ရှိသည်ဟု ဟူစိန်က ဆိုသည်။ ဟူစိန်သည် အာရှတွင် ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၇၀ မြောက် နှစ်ပါတ်လည်အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်ရန် တရုတ်တွင် ရောက်ရှိနေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရှင်ကျန်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်များကြောင့် လူ ရာပေါင်းများစွာသေဆုံးခဲ့သည်။ ယင်းသို့ဖြစ်မှုအတွက် စစ်သွေးကြွများကို ပေကျင်းက အပြစ်တင်ခဲ့သည်။ သို့သော်လည်း အကြောင်းရင်းအမှန်မှာ ဝီဂါလူမျိုးများ၏ အစ္စလာမ်ဘာသာနှင့် ယဉ်ကျေးမှုကို တရုတ်တင်းကျပ်ခြင်းကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောသည်။

ETIM သည် တူရကီသို့ ထွက်ခွာသည့် ဝီဂါလူမျိုးများကို လူသစ်စုဆောင်းလျက်ရှိပြီး ၎င်းတို့ကို ဆီးရီးယားနှင့် အီရတ်တွင် အကြမ်းဖက်အုပ်စုများက လေ့ကျင့်ပေးကာ ရှင်ကျန်သို့ပြန်၍ ဘာသာရေးစစ်ပွဲ ဆင်နွဲရန် ရည်ရွယ်သည်ဟု တရုတ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly