မကွေးမြို့ ရေစီးရေလာကောင်းမွန်ရေးအတွက် ကျပ်သန်း၂၆၀၀ကျော် အသုံးပြု

မကွေးမြို့ ရေစီးရေလာကောင်းမွန်ရေးအတွက် ကျပ်သန်း၂၆၀၀ကျော် အသုံးပြု

 

မကွေး ၊ ဇူလိုင် ၅  ။             ။ ၂၀၁၈ခုနှစ် မီနီဘတ်ဂျက်ကာလနှင့် ပြီးခဲ့သည့်ဘဏ္ဍာရေးကာလ(၂)နှစ်အတွင်း မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို (စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေ ၊ ပြည်ထောင်စုရန်ပုံငွေ) ကျပ်သန်း ၂၆၂၉ ဒဿမ၂၆၄သန်းဖြင့် အသုံးပြုဆောင်ရွက်ထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ စာရင်းများအရ အုတ်ရေမြောင်းအရှည် ၃၁၄၅၉ ပေ၊ တံတား ၁၈၆ စင်း နှင့် ရေထွက်ပေါက်(၇)ခုကို တည်ဆောက်ထားပြီး ငွေကျပ်သန်း ၂၆၀၀ကျော်ဖြင့် (၂)နှစ်ကျော်ကာလအတွင်း တံတား(၁၃၄) စင်း ၊ မြေသားရေမြောင်း ၁၁၆၀၀ ပေ၊ ကျောက်ရိုးစီရေမြောင်း ၁၀၆၀ ပေ ၊ အုတ်ရေမြောင်း ၄၄၂၄၉ ပေ ၊ ကွန်ကရစ်လမ်းပခုံး အရှည် ၆၁၂၂၆ ပေ၊ရေထုတ်ပေါက်တစ်ခုတို့ကို ထပ်မံတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မြတ် က အတည်ပြုပြောဆိုသည်။

“၂၀၁၅-၂၀၁၆နှစ်တွေတုန်းကတော့ လမ်းဘေးရေနုတ်မြောင်းတွေကလည်းကျဉ်းနေတယ်။ အိမ်ရှေ့မျက်နှာစာ တွေမှာ လမ်းထက်မြင့်အောင် မြေဖို့ကြတာတွေရှိနေခဲ့ပါတယ်။ မြို့ရဲ့နေရာ အတော်များများမှာ ရေဝပ်ရေလျှံ တာတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့ကနေ ၁၅ရက်နေ့အထိ မိုးရွာသွန်းမှုဟာ (၄၄)နှစ် ကာလအတွင်း မကွေးမှာ မိုးရေချိန်လက်မ ၄ဒသမ၈၈ လက်မနဲ့ စံချိန်တင်ရွာသွန်းခဲ့တာကြောင့်လည်း နေရာ(၄)နေရာလောက်မှာ နာရီပိုင်းလောက်ရေလျှံခဲ့ပါတယ်။ အခုအခြေအနေကတော့ မြို့တွင်း ရေဝပ်ရေလျှံမှုကို ရာနှုန်းပြည့်လျော့ချနိုင်ဖို့ ကြိုးစားနေတာပါ ” ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။

မကွေးမြို့တွင် ရပ်ကွက်(၁၅)ခု ၊ အဓိကလမ်းမကြီး(၇)လမ်း ၊ အဓိကလမ်းသွယ်(၂၃)လမ်းရှိပြီး မြို့တွင်း ရေစီး ရေလာကောင်းမွန်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၈၅၉ ဒဿမ၅၃၈ သန်း အသုံးပြု ဆောင်ရွက်နေရာမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၃၅၁ ဒဿမ၈၂၂သန်းထိ အသုံးပြု ဆောင်ရွက်ခဲ့ကြောင်း ၊၂၀၁၈မီနီဘတ်ဂျက်ကာလတွင် ငွေကျပ် ၄၁၇ ဒဿမ၉၀၄ သန်း အသုံးပြု ဆောင်ရွက်ထားကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly