ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ခဲ့သူများ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ခဲ့သူများ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ
Photo-Kayah Police
 

 

ရန်ကုန်၊ ဇူလိုင် ၅ ။             ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ထားရှိရန် တိုင်းအစိုးရမှစီစဉ်နေသည့် ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်သည့်အနေဖြင့် စာဖြန့်ဝေသူ လူငယ် ၁၀ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ဖြင့် တရားစွဲဆိုခံထားရကြောင်းသိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့်တရာစွဲဆိုခံထားရခြင်းဖြစ်ပြီး မြို့နယ် ထွေအုပ်မှတရားလို ပြုလုပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ အခုအချိန်သိရသလောက်ကတော့ အုပ်ချုပ်ရေးမှူးကနေ တရားလိုလုပ်ပြီးဆွဲထားတယ်လို့ကြားထားတယ်။ အဓိကတော့ ကရင်နီ (ကယား) သမိုင်းနဲ့ပတ်သက်ပြီးလိုက်ဖြန့်တဲ့သူတွေကို အဓိကထားပြီး စွဲတယ်လို့ သိရတယ်”ဟု ဗိုလ်ချုပ်ကြေးရုပ် ဦးဆောင်းကန့်ကွက်နေသူ ခွန်းဘားနဒ်ဘုတ် ကပြောသည်။

အဆိုပါ လူငယ် ၁၀ဦးကိုလွန်ခဲ့သည့် ၃ ရက်ခန့်က လွိုင်ကော်မြို့နယ်တရားရုံးမှတဆင့် ဇူလိုင် ၅ ရက်နေ့တွင် တရားရုံးသို့လာရောက်ရန် ဆင့်ခေါ်ခဲ့ပြီးလတ်တလောတွင် အမှုကိုစတင်စစ်ဆေးခြင်းမရှိသေးဘဲ ဆင့်ခေါ်ထားသည့် အဆင့်သာဖြစ်ကြောင်း ခွန်းဘားနဒ်ဘုတ်ကဆက်ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမအနီးရှိ ကန္တာဟေဝန်ပန်းခြံထဲတွင် ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိရန်  ကယားပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်နေပြီး လတ်တလော၌ အောက်ခြေဖောင်ဒေးရှင်းကို ပြုလုပ်ပြီးထားကြောင်းလည်းသိရသည်။

ထို့ကြောင့် ဒေသခံအချို့မှ ၄င်းတို့၏ သဘောဆန္ဒကိုမခံယူဘဲ ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်နေမှုကို ကန့်ကွက်နေကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို ပြီးခဲ့သည့်ရက်ပိုင်းက ဆန္ဒပြခဲ့ကြသော်လည်း  ပြည်နယ်တစ်ခုလုံးမှ လိုလားပြီး လူနည်းစုတစ်ခုကသာ ရုန်းရင်းဆန်ခတ်လုပ်ခြင်း   ဖြစ်သည့်အတွက်ဟုဆိုကာ   ပြည်နယ်အစိုးရအနေဖြင့် ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly