ရခိုင်မြောက်ပိုင်းတွင် ကျပ်သိန်းပေါင်း ၃ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တွေ့ရှိ

ရခိုင်မြောက်ပိုင်းတွင် ကျပ်သိန်းပေါင်း ၃ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တွေ့ရှိ
 ရခိုင်မြောက်ပိုင်းတွင်  ပိုင်ရှင်မဲ့အဖြစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရှိခဲ့သော ကာလတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ (ဓာတ်ပုံ - ရဲဇာနည်)

 

ဘူးသီးတောင်၊ ဇူလိုင်လ ၅ ရက်။                 ။ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ မနေ့ နံနက်ပိုင်းကပေါ့။ လောင်း (လှေ) ပေါ်မှာ တွေ့တာ။ လမ်းကြောင်းအတိုင်း အကုန်လုံး ပိတ်ဖမ်းပြီးတော့ အဲဒီမှာ တွေ့တာ။ တန်ဖိုးက များတယ်။ လောလောဆယ်တော့ ပိုင်ရှင်မဲ့ဖြစ်နေတယ်။ တရားခံကို မမိသေးပါဘူး။” ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောသည်။

ဘူးသီးတောင်မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ စစ်ကြောင်း (၂) တပ်ဖွဲ့ဝင်များသည် မေယုမြစ်အတွင်း မြစ်ကြောင်းနယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်နေစဉ် လိုင်ရှည်ပြင် ကျေးရွာအနီး ချောင်းစပ်အကွေ့ရှိ လမုတောတွင် သိုဝှက်ထားသည့် လောင်း (လှေ) ပေါ်၌ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများမှာ WY နှင့် R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅) ပြားစီပါရှိသည့် အထုပ်ပေါင်း (၈၂၀၀) ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်ပေါင်း ၁၅ သိန်းကျော် ဖြစ်ပြီး ငွေကျပ် တန်ဖိုးအားဖြင့် သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိသည်ဟု ဘူးသီးတောင်မြို့နယ် အုပ်ချူပ်ရေးမှူးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့အထိ ငွေကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒဿမ ၉၃၄ ကျပ် တန်ဖိုးရှိသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများအပါဝင် မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required