ငါးနှစ်သားကလေးတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်တယ်

ငါးနှစ်သားကလေးတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်တယ်

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Paediatrics ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်တခုကနေ အင်မတန်အံ့အားသင့်စရာ ကောင်းတဲ့အချက်တချက်ကို သတိပေးထားပါတယ်။အဲဒါကတော့ ဆယ်ကျော်သက်အရွယ်တောင် မရှိသေးတဲ့ ကလေးတွေ (အသက်ငါးနှစ်အရွယ်လောက်တောင် ပါပါတယ်)ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ အန္တရာယ်အခွင့်အလမ်းတွေရှိနေတယ်ဆိုတာပါပဲ။

လေ့လာမှုအကြောင်း တစေ့တစောင်း

လူမည်းဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ သတ်သေနှုန်းဟာ လူဖြူတွေထက်နည်းပေမယ့် မူလတန်းအရွယ် လူမည်းကလေးတွေဟာ သတ်သေဖို့ အခွင့်အလမ်း မြင့်မားနေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လေ့လာမှုပြုလုပ်သူတွေကတော့ အသက်ငယ်ရွယ်တဲ့ ကလေးတယောက်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာ အတော်ကို ရှားပါးတယ်လို့ ပြောပါတယ်။ စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ ကလေးငယ်လေးတွေဟာ သတ်သေဖို့မဖြစ်နိုင်ဖူးလို့ အခိုင်အမာ ယုံကြည်ခဲ့ကြပါတယ်။ ဘာလို့ ဒီလိုထင်ရတာလဲဆိုတော့ ကလေးလေးတွေရဲ့ ဘဝမှာ သတ်သေချင်လောက်တဲ့အထိ မျှော်လင့်ချက်ကင်းမဲ့ စိတ်ဓာတ်ကျဆင်းဖို့ ဖြစ်နိုင်စရာအကြောင်းမရှိလို့ပါတဲ့။ သေခြင်းတရားဟာ ဘာမှန်းတောင် နားလည်မယ့် အရွယ်လေးတွေ မဟုတ်ကြသေးပါဖူး။

ဒါပေမယ့် ဒီလေ့လာချက်အသစ်ကတော့ ငယ်ရွယ်တဲ့ ကလေးတွေဟာ တကယ်ပဲ ကိုယ့်ကိုယ်ကိုသတ်သေကြတယ်လို့ တွေ့ရှိခဲ့ရပါတယ်။နေ့တိုင်းကလေးတွေ သတ်သေနေကြတာတော့ မဟုတ်ဖူးပေါ့။ဒါပေမယ့် ရှားရှားပါးပါးတော့လည်း မဟုတ်ပြန်ပါဖူးတဲ့။ သေကြောင်းကြံတဲ့ကိစ္စမှာ ကလေးတွေကိုပါ ထည့်စဉ်းစားရတာ စိတ်မကောင်းစရာပါ။ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အဖြစ်မှန်ကို လက်ခံဖို့ ကြိုးစားရပါမယ်။ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ အကြောင်းကို ဆွေးနွေးနေရင် ကလေးငယ်ငယ်လေးတွေကိုတောင် အသေအချာ ထည့်စဉ်းစားရပါတော့မယ်။ စိတ်ကျန်းမာရေး နယ်ပယ်ကမဟုတ်သူတွေဟာ အသက်ခြောက်နှစ်အရွယ် ကလေးလေး သတ်သေဖို့ကြိုးစားတယ်ဆိုတာကို တွေးကြည့်ဖို့တောင် မဖြစ်နိုင်ဖူးလို့ ယူဆကြပါတယ်။

၁၉၉၃နဲ့ ၂၀၁၂ ခုနှစ်ကြားကာလတွေမှာ လူမည်းကလေးတွေ သတ်သေနှုန်းမြင့်တက်လာပြီး လူဖြူကလေးတွေရဲ့ သတ်သေနှုန်းကျဆင်းသွားတယ်လို့ တွေ့ရှိခဲ့ရတဲ့ ကနဦးလေ့လာချက်တွေရဲ့ နောက်ဆက်တွဲအဖြစ် ဒီလေ့လာမှုအသစ်ကို သုတေသနပညာရှင်တွေက ဆက်လုပ်ခဲ့ကြတာပါ။ ငယ်ငယ်ရွယ်ရွယ် ကလေးတွေ ဘာလို့များ ကိုယ့်ကိုယ်ကိုသတ်သေရတာလဲဆိုတဲ့ အကြောင်းရင်းတွေကို နားလည်ဖို့ဟာ လေ့လာမှုအသစ်ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေ သတ်သေတာ သမီးရည်းစားပြဿနာတွေကြောင့် အဖြစ်များပြီး မူလတန်းအရွယ် ကလေးတွေသတ်သေရတာကတော့ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အဆင်မပြေ ကတောက်ကဆဖြစ်မှုတွေကြောင့် အဓိက ဖြစ်ရပါတယ်။

သတ်သေသူတွေရဲ့ သုံးပုံတပုံဟာ attention deficit hyperactivity disorder (ADHD)လို့ခေါ်တဲ့ စိတ်ဝေဒနာကို ခံစားနေခဲ့ရပါတယ်။ ADHD ဟာ လူတွေကို စိတ်ရူးပေါက်ပြီး ကိစ္စတခုခုကို မထင်ရင်မထင်သလို ထလုပ်စေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ကလေးတွေဟာ ကိုယ်ရေးကိုယ်တာကိစ္စတခုခုကို လိုတာထက်ပိုပြီး ဝုန်းကနဲဒိုင်းကနဲ ရုတ်တရက် ထတုန့်ပြန်တတ်သူတွေ ဖြစ်ပါလိမ့်မယ်။ သူတို့လေးတွေရဲ့ အတွေးဟာ အမြဲဆိုသလို ပြောင်းနေတတ်တဲ့အတွက် သူတို့ကို ကူညီဖို့က ခက်ခဲလှပါတယ်။အခုနေ သတ်သေဖို့ကို မစဉ်းစားပေမယ့် မနက်ဖြန်မှာ စဉ်းစားချင်စဉ်းစားနေမှာပါ။

ဒါဟာ အတော်ခက်ပါတယ်။အသက်ကြီးတဲ့ ကလေးတွေမှာတော့ စိတ်ကျဝေဒနာဟာ အဖြစ်အများဆုံး စိတ်ပိုင်းဆိုင်ရာ ဝေဒနာပါ။ ငယ်ရွယ်တဲ့ ကလေးတွေ သတ်သေတဲ့အခါ အသက်ရှုကျပ်အောင်လုပ်တာမျိုး၊ လည်ပင်းအစ်အောင်လုပ်တာမျိုး (ဥပမာ ဆွဲကြိုးချပြီးသေတာ)ကို အသုံးအများဆုံး ဖြစ်ပြီး အသက်ပိုကြီးတဲ့ အုပ်စုမှာတော့ သေနတ်ကို သုံးပြီး သတ်သေတာ ပိုများပါတယ်။
ငယ်ရွယ်တဲ့ ကလေးတွေ သတ်သေတာကို ကာကွယ်ဖို့ လူကြီးတွေ ဘာလုပ်သင့်သလဲ။

စိတ်ထဲမသင်္ကာဖူးဆိုရင် သတ်သေမယ့်အကြောင်းကို ကလေးတွေကို တိုက်ရိုက်မေးပါ။ ဥပမာ မိဘတွေအနေနဲ့ ” သား ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားနေတာလား “ လို့ မေးနိုင်ပါတယ်။ တကယ်လို့များ ကလေးရဲ့ အဖြေက “ ဟုတ်တယ်” လို့ ဖြေလာခဲ့ရင် ကလေးဆရာဝန်ကို ဖုန်းဆက်ခေါ်ရင်ခေါ် ဒါမှမဟုတ် အနီးဆုံး အရေးပေါ်ဌာနဆီ ကလေးကို အမြန်ခေါ်သွားပါ။ ကလေးတွေမှာ အမူအကျင့်ဆိုင်ရာပြဿနာတွေ၊မပျော်မရွှင်ဖြစ်နေတဲ့ ပုံစံတွေ၊ လုပ်ချင်ရာထလုပ်တတ်တဲ့ ပုံစံတွေ ဒါမှမဟုတ် မိမိကိုယ်ကို နာကျင်အောင်လုပ်ထားတာတွေကို မြင်ရင် မိဘတွေအနေနဲ့ ကလေးတွေကို ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ အစီအစဉ်ရှိ မရှိ မေးရပါမယ်။

“ သား ကိုယ့်ဟာကိုယ်နာအောင်လုပ်ထားတာလား။ သား အသက်ရှင်မနေချင်တော့ဖူးလား။ ဘယ်လောက်တောင် ဆိုးရွားနာကျင်နေရလို့ ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ကူးနေရတာလဲကလေးရယ်” စသဖြင့် မေးမြန်းနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly