ပျက်ယွင်းခဲ့မိသော ကတိတစ်ခုနောက်ကွယ်က ကျိန်စာသင့် အာဂျင်တီးနားအသင်း

ပျက်ယွင်းခဲ့မိသော ကတိတစ်ခုနောက်ကွယ်က ကျိန်စာသင့် အာဂျင်တီးနားအသင်း

၁၉၈၆ ခုနှစ်တုန်းက လေ့ကျင့်ခန်းလာဆင်းခဲ့ကြတဲ့ လက်ရွေးစင်ကစားသမားတွေဟာ အပျိုစင်မယ်တော်ကို ကတိသစ္စာတစ်ခု ပြုခဲ့ကြတယ်လို့ အာဂျင်တီးနားမြောက်ပိုင်းက တီကာရာမှာ အမြဲနေထိုင်သူတစ်ဦးက ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

ပြီးတော့ အဲဒီနှစ်အတွင်း မက္ကဆီကိုမှာ မာရာဒိုနာဦးဆောင်တဲ့ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒါက အာဂျင်တီးနားအတွက် ဒုတိယအကြိမ်ရရှိတဲ့ ကမ္ဘာ့ဖလားဖြစ်ပြီး ပထမအကြိမ်ကိုတော့ အမိမြေမှာကျင်းပတဲ့ ၁၉၇၈ ပြိုင်ပွဲတုန်းက ရရှိထားခဲ့တာပါ။ ဒါပေမဲ့ မက္ကဆီကိုကမ္ဘာ့ဖလားနောက်ပိုင်းမှာတော့ အာဂျင်တီးနားတွေဟာ ဆုဖလား မိုးခေါင်မှုနဲ့ ကြံုရတာ ယနေ့ထိတိုင်အောင်ပါပဲ။

အဲဒီနောက်ပိုင်း ၁၉၉၀ အီတလီနဲ့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတက်ခဲ့သေးပေမယ့် နှစ်ကြိမ်စလုံးမှာ ဂျာမနီကို ၁-၀ ဂိုးနဲ့ချည်း အရေးနိမ့်ခဲ့ရပါတယ်။

မက်ဆီလိုကစားသမားမျိုး ပိုင်ဆိုင်ထားတာတောင် ကမ္ဘာ့ဖလားကို မကိုင်မြှောက်နိုင်တော့ပါဘူး။ ပြီးတော့ စိတ်ကူးယဉ်ပဲဆိုဆို လက်တွေ့ပဲပြောပြော ကိုပါကာဘာနာက မယ်တော့်အကြောင်းဟာ ကမ္ဘာ့ဖလားရောက်တိုင်း ပြောစရာ ပုံပြင်တစ်ပုဒ်လို ဖြစ်လာခဲ့ပါတယ်။

မယ်တော်ကို ကိုးကွယ်ဆည်းကပ်ခြင်း

၁၉၈၆ ဇန်နဝါရီမှာ နည်းပြကားလို့စ် ဘီလာဒိုဟာ အသင်းသားတွေရဲ့ ကြံ့ခိုင်မှုကိုစမ်းသပ်ဖို့ မက္ကဆီကိုမြို့နဲ့ အမြင့်တူတဲ့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၅၀၀ က တီကာရာမြို့ထံ ခေါ်ဆောင်လာခဲ့ပါတယ်။

အဲဒီတုန်းက တီကာရာဟာ တယ်လီဖုန်းတစ်လုံးသာရှိတဲ့ မြို့ငယ်လေးပါ။ အခုတော့ အမြဲတမ်း နေထိုင်သူလူဦးရေ ရ, ၀၀၀ နဲ့ တည်းခိုစရာနေရာတွေ၊ အင်းတွေနဲ့ ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်နေပါပြီ။

တီကာရာကိုရောက်လာကြတဲ့ အာဂျင်တီးနားအသင်းမှာ ပြည်ပမှာကစားနေတဲ့ အသင်းခေါင်းဆောင် မာရာဒိုနာကလွဲပြီး ဇွန်လမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ကစားသမားတော်တော်များများ ပါဝင်လာခဲ့ပါတယ်။

 “ကျွန်တော်တို့အတွက် မယုံနိုင်စရာကောင်းခဲ့တာပေါ့ဗျာ။ အဲဒီအချိန်တုန်းက တီကာရာမှာ တီဗီတောင်မရှိသေးဘူး။ ဘောလုံးပွဲတွေကို ရေဒီယိုကနေ နားထောင်ရတယ်။ ကစားသမားတွေရဲ့ရုပ်ကျတော့ မဂ္ဂဇင်းတွေထဲမှာပါတယ်လေ”လို့ အခုအချိန်မှာ အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ ဒေးဗစ် ဂေါ်ဒီလိုက ပြန်ပြောင်းပြောပြ ပါတယ်။

သူဟာ အဲဒီအချိန်က အာဂျင်တီးနားအသင်း လာရောက်နေထိုင်လေ့ကျင့်ခဲ့ရာ ပွယ်ဘလို နွယ်ဗို ဘောလုံးကလပ်ရဲ့ ကစားသမားဟောင်းတစ်ဦးပါ။

လာရောက်လည်ပတ်ချိန် သုံးပတ်လုံးလုံး အိမ်ရှင်တွေဟာ သူတို့ရဲ့အချိန်တွေကို အနာဂါတ်ချန်ပီယံလောင်းတွေနဲ့အတူ ကုန်ဆုံးစေခဲ့ကြပါတယ်။

ဒီလိုနဲ့ တစ်ကြိမ်မှာတော့ တီကာရာက မြင့်မြတ်တဲ့ မယ်တော်ရုပ်တုရှိရာ ကျောင်းတော်အကြောင်း ပြောဖြစ်ခဲ့ကြတယ်လို့ ဂေါ်ဒီလိုက ဆိုပါတယ်။

တောင်ကုန်းပေါ်က မယ်တော်ကျောင်းဆီသွားတဲ့လမ်းဟာ မတ်စောက်ပြီး ၁၅ ကီလိုမီတာလောက်ရှည်ပေမယ့် နှစ်စဉ် အီစတာပွဲတော်ကာလရောက်တိုင်း လာရောက်သူတွေနဲ့ လမ်းတလျှောက် စည်ကားနေလေ့ရှိပါတယ်။

အဲဒီအကြောင်းကို ပြောဆိုနေကြရင်းမှာပဲ ကစားသမားတစ်ယောက်က ကတိသစ္စာတစ်ခုပြုဖို့ ပြောဆိုလာခဲ့တာပါ။

 “အဲဒါက အစီအစဉ်ထဲမှာ မပါသလို မယ်တော်ဆီကိုလည်း အားလုံးသွားမကြည့်ခဲ့ကြဘူး။ သူတို့ မတည်ခဲ့တဲ့၊ မလိုက်နာခဲ့တဲ့ သာမန် ကတိတစ်ခုပဲ ဖြစ်ခဲ့တယ်လေ”လို့ ဂေါ်ဒီလိုက စျေးပေါတဲ့ သူ့ရဲ့တိုက်ခန်းလေးကနေ တောင်ကုန်းတွေဆီ ငေးကြည့်ရင်း ပြောပါတယ်။

ကျောက်ခဲတွေပေါတဲ့ လေ့ကျင့်ရေးကွင်းရဲ့ပိုင်ရှင် အသက် ၆၅ နှစ်အရွယ် ဆာရာ ဗီရာကလည်း သူကြံုတွေ့ခဲ့ရတာတွေကို ပြန်ပြောင်းပြောပြ ပါတယ်။

မယ်တော့်ကျောင်းဆီ ဘီလာဒိုသွားတုန်းက သူလည်း ပါသွားခဲ့ပြီး မယ်တော့်ရုပ်တုရှေ့မှာ နည်းပြကြီးက ဒူးထောက် ကတိသစ္စာပြုနေသံကို ကြားခဲ့ရတယ်လို့ အဲဒီအမျိုးသမီးကြီးက ဆိုပါတယ်။

 “တို့အသင်း ကမ္ဘာ့ဖလားမရတာ နှစ်တွေဘယ်လောက်ကြာသွားခဲ့ပြီလဲ”လို့ မေ့လွယ်ခြင်းကြောင့် ခံစားနေရတဲ့ အမျိုးသမီးကြီးက ပြောပါတယ်။

လျှို့ဝှက်တတ်တဲ့အမူအကျင့်ကြောင့် ကျော်ကြားတဲ့ နည်းပြကြီးကတော့ ဒါက အဖြစ်မှန်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဂန္ထဝင်တွေဖြစ်လာတဲ့ ကစားသမားတွေကလည်း တီကာရာရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာဖို့အတွက်ပဲ သွားရောက်ခဲ့ကြတာလို့ ပြောကြပါတယ်။

ကတိတည်ဖို့လွယ်သည် ဆိုသော်လည်း

“တီကာရာကိုသွားဖို့ ဘာမှပြဿနာမရှိခဲ့ဘူး။ ဒါပေမဲ့ ရှင်းအောင်ပြောချင်တာက ကျွန်တော်တို့ ဘာကတိသစ္စာမှ မပြုခဲ့ကြဘူး ဆိုတာပဲ။ အဲဒီအကြောင်း ဘယ်သူပြောလဲတော့ ကျွန်တော် မသိဘူး”လို့ ၁၉၈၆ ချန်ပီယံအသင်းရဲ့ နောက်ခံလူ အော်စကာ ဂါရီက ပြောပါတယ်။

 “ဒေသခံတွေက ကျွန်တော်တို့ကို သိပ်ဧည့်ဝတ်ကျေခဲ့ပါတယ်။ ဒါပေမဲ့ ကတိသစ္စာကိုတော့ ဘယ်သူမှ မပြုခဲ့ကြပါဘူး။ တကယ်လို့ အဲဒီ ကိစ္စရှိခဲ့တယ်ဆိုရင်လည်း ဖြေရှင်းဖို့ သိပ်လွယ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်”လို့ သူက ထပ်လောင်း ပြောဆို ပါသေးတယ်။

အဲဒီလိုယုံကြည်နေကြသူတွေ ကျေနပ်အောင် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၀၆ ခုနှစ်မှာ ၁၉၈၆ ကမ္ဘာ့ဖလားပုံတူနဲ့ အာဂျင်တီးနားဂျာစီကို တီကာရာက မယ်တော်ရုပ်တုဆီမှာ ပြသခဲ့ပါတယ်။ အဆုံးမဲ့တန်ခိုးတော်ကို ရိုသေလေးစားကြောင်း ပြသတဲ့ အနေနဲ့ပါ။

ဒီကနေ့မှာလည်း အဲဒီဆုဖလားပုံတူနဲ့ ကမ္ဘာ့ဖလားတုန်းကဝတ်ခဲ့တဲ့ ဂျာစီရဲ့ဟာ မယ်တော်ကျောင်းက ပြတိုက်ငယ်လေးထဲ ပြသထားတုန်းပါပဲ။

ဒါပေမဲ့ ကမ္ဘာ့ဖလားကြီးကို မယ်တော့်ဆီယူလာခဲ့မယ်လို့ ကတိသစ္စာပြုခဲ့ကြတဲ့ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား သူရဲကောင်းတွေကတော့ မြို့ကလေးနဲ့ မယ်တော့်ဆီ ဘယ်တုန်းကမှ ပြန်မရောက်လာကြတော့ပါဘူး။

မြို့ခံတွေကတော့ သူတို့ရဲ့ သူရဲကောင်းတွေရောက်လာမယ့်နေ့ကို မျှော်လင့်ရင်းနဲ့သာ…။

AFP မှ The broken promise haunting Argentina's national football team ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags