လူငယ်နဲ့ ကဗျာ ( ၄ )

ကဗျာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျမ်းတစ်စောင်ပေတဖွဲ့ ပြောကြရမှာပါ။ ဒါပေမယ့်လည်း ပညာရှင်များဆွေးနွေးကြတဲ့ သဘောမဟုတ်လို့ တို့ကာထိကာ မိတ်ဆက်တဲ့သဘောပဲ ကျနော်တို့ ဆွေးနွေးကြတဲ့ သဘောပါပဲ။

ဥပမာ ခေတ်ကြီး ၆ ခုမှာပေါ်ပေါက်ခဲ့တဲ့ ကဗျာတွေကိုပြောမယ်ဆိုရင် တစ်ခေတ်ထဲနဲ့တင် အချိန်တော်တော်ယူပြီး ပြောကြရမှာပါ။ ဒါပေမယ့် အခုဆိုရင် အဲဒီခေတ်ကြီး ၆ ခေတ်အတွင််းပေါ်ပေါက်ခဲ့တဲ့ ကဗျာအမျိုးမျိုးကို အမည်နာမလောက်တော့ သိခဲ့ကြပါပြီ။

လူငယ်တွေအတွက်ဖြစ်တာမို့ တချို့ကဗျာအနည်းအကျဉ်း အကြောင်းတော့ သီးခြားဆွေးနွေးချင်ပါတယ်။ ဦးတည်ချက်က ကဗျာရဲ့ထိရောက်မှုအရှိန်အဟုန်ဟာ ဘယ်အနုပညာနဲ့မှမတူနိုင်လောက်အောင် မနှိုင်းယှဉ်နိုင်လောက်အောင် အားကောင်းပြီး ချွန်မြနေတဲ့သဘောမို့ ကဗျာအနည်းအကျဉ်းအကြောင်းတော့ ပြောပြဖို့လိုမယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့တေ့ာ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့တဲ့ ကဗျာရေစီးကြောင်းအကြောင်း ခဏထားပြီး ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်အထိ ခရီးရောက်တယ်ဆိုတာ သက်သေပြဖို့ ကဗျာတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကျနော်တို့တိုင်းပြည်မှာ ပြည်သူတွေဒီမိုကရေစီနည်းနဲ့ တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တစ်စုက တိုင်းပြည်အာဏာကို အဓမ္မရယူပြီး တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ စတင်အုပ်ချုပ်ခဲ့ပါတယ်။ ဒီတိုင်းပြည်မှာ ဒီမိုကရေစီစနစ်ဆိတ်သုန်းပြီး အာဏာရှင်စနစ်လည်း စတင်အမြစ်တွယ်ပါတော့တယ်။ ဒိီလို အဓမ္မအာဏာသိမ်းပြီး အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကို ပြည်သူတွေဟာ မနှစ်သက်ခဲ့ကြပါဘူး။ အထူးသဖြင့် တိုင်းပြည်အညွန့်အဖူး တက္ကသိုလ်ကျောင်းသားတွေက ဒိီတိုင်းပြည်မှာ အာဏာရှင်စနစ် အမြစ် တွယ်လာမှုကို ဆန့်ကျင်ခဲ့ကြပါတယ်။ ဆန္ဒပြရှုတ်ချကြပါတယ်။ ဒီတော့ကာ စစ်အာဏာရှင်များက လမ်းပေါ်တက်ဆန္ဒပြကြတဲ့ လက်နက်မဲ့ လူမမယ်ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်လူစုခွဲပြီး ဆန္ဒပြပွဲတွေကို ဖျက်သိမ်းစေခဲ့ပါတယ်။ ဒါက စစ်အာဏာရှင်တွေကို အတိအလင်း ကမ္ဘာသိ ဆန့်ကျင်မှု ခုနှစ်ရက်ဇူလိုင်အရေးအခင်းအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ တကယ်တော့ ကျောင်းသားတွေရဲ့ဆန္ဒဟာ လူထုဆန္ဒကိုထင်ဟပ် လူထုသဘောထားကို ကိုယ်စားပြုတဲ့သဘောပါပဲ။

ဒီလိုပါပဲ။ အခြားနယ်ပယ်အသီသီးမှာရှိတဲ့ လူပုဂ္ဂိုလ်အမျိုးမျိုး အဖွဲ့အစည်းအမျိုးမျိုးဟာလည်း အာဏာသိမ်းအုပ်ချုပ်တဲ့ အာဏာရှင်တွေကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။ အဲဒီအထဲ ကဗျာဆရာတွေကလည်း တခန်းတကဏ္ဍက ပါ၀င်ခဲ့ကြတယ်ပဲဆိုပါတော့။

စစ်အာဏာသိမ်းအစိုးရ ၉ နှစ်ကျော်သက်တမ်းရှိလာတဲ့အခါ ကဗျာဆရာ ၀င်းလတ် က အာဏာရှင်ကို လှောင်ပြောင်ရှုတ်ချပြီး အာဏာရှင်ရဲ့ လုပ်နည်းလုပ်ဟန်ကို တိုင်းပြည်သိအောင် ဖွင့်ချတဲ့ ကဗျာတစ်ပုဒ်ရေးလိုက်ပါတယ်။ ဒီကဗျာကို ရှုဒေါင့်ဂျာနယ်မှာဖေါ်ပြပါတယ်။

ဒါပေမယ့် ကဗျာဆိုတဲ့အတိုင်း တိုက်ရိုက်တည့်တိုးရေးတာမျိုးတော့ မဟုတ်ပါဘူး။ ကဗျာပရိယာယ်နဲ့ သွယ်ဝိုက်ကွယ်ဝှက်ပြီးမှ ရေးခဲ့တာပါ။ ဒီတုန်းက ဒီတိုင်းပြည်မှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုရေးသားခွင့် ပိတ်ပင်ထားတဲ့အချိန် ကဗျာဆိုရင်လည်း စကားလုံးတစ်လုံးချင်းကအစ စိီစစ်ဖြတ်တောက်၊ ရေးတဲ့သူကိုဖမ်းဆီးထောင်ချလုပ်နေတဲ့အချိန် စာပေကင်ပေတိုင်လို့ပြောကြတဲ့ စာပေစီစစ်ရေးကို အရင်တင်ပြိီးမှ ပုံနှိပ်ထုတ်ဝေလို့ရတဲ့ကာလဖြစ်ပါတယ်။ ဒီတော့ ဆရာဝင်းလတ်က သူ့ကဗျာလေး စာဖတ်သူတွေဆီ ချောချောမောမောရောက်ရှိသွားဖို့ ကဗျာပရိယာယ်သုံးရပါတော့တယ်။ တိုက်ရိုက်တည့်တိုးမဟုတ်ဘဲ သွယ်ဝိုက်ပြီးမှရေးပါတယ်။ သူက ပညာသားပါပါ ရေးတော့ စာပေစိီစစ်ရေးက အမှန်အတိုင်းမသိတော့ လွှတ်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆရာဝင်းလတ်ရဲ့ကဗျာကို စာဖတ်သူတွေက ဖတ်ခွင့်ရလိုက်ကြပြိီး တဆင့်စကားတဆင့်နားနဲ့ တော်တော်လေး ဂယက်ထလာပါတော့တယ်။ ဒီတော့မှ စာပေစီစစ်ရေးက ဆိုင်တွေပေါ်တင်ထားတဲ့ ရှုထောင့်ဂျာနယ်တွေ လိုက်သိမ်းပါတယ်။ ဂျာနယ်ကိုလည်း ပိတ်ပါတယ်။ တာဝန်ခံအယ်ဒီတာ ၀င်းခက်နဲ့ ရေးဖွဲ့တဲ့ကဗျာဆရာ ၀င်းလတ် တို့ကိုလည်းဖမ်းဆီးပြီး ထောင် ၂ နှစ်စီချပါတယ်။ တတိုင်းပြည်လုံး ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ အာဏာရှင်ကြိီးလည်း ပြည်သူတွေကြားမှာ ဟားစရာရယ်စရာ လှောင်ပြောင်စရာ ဖြစ်ခဲ့ပါတယ်။

ဒါကိုကြည့်ရင် ကဗျာတစ်ပုဒ်ရဲ့အသွားဟာ ဘယ်လောက်ထက်သလဲဆိုတာ တွေ့ကြရမှာပါ။ ဓါးသွားထက် ကလောင်သွားကပိုထက်တယ်ဆိုတာ ဒါပါပဲ။ အာဏာရှင်တွေဟာ ကဗျာကို ကြောက်ကြတယ်ဆိုတာလည်း အထင်းသားပေါ်ခဲ့ပါတယ်။

ဆရာဝင်းလတ်က သူ့ကဗျာထဲမှာ မျက်လှည့်ဆရာကြီးအဖြစ် တင်စားရေးဖွဲ့ခဲ့သူဟာ အာဏာရှင်ကြီးဖြစ်ပြိီး ဒီကဗျာထဲမှာပါတဲ့ ကြက်တူရွေး၊ မြွေပွေး၊ မျောက် ဆိုတာတွေက အာဏာရှင်ကြီးရဲ့ တပည့်သားမြေး အခြွေအရံတွေကို ရည်ညွှန်းထားတာပါပဲ။ ဆရာဝင်းလတ်က ကဗျာခေါင်းစဉ်ကအစ စာပေစီစစ်ရေးကို နားလှည့်ပါးရိုက်ပြီး ပညာသားပါပါ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ကဲ ဒါဆိုရင် ဆရာဝင်းလတ် ရဲ့ကဗျာကို ဖတ်ကြည့်ကြရအောင်။

“မျက်လှည့်ဆရာကြီးရဲ့မယား”

(၁)

ရကာစတော့

အိမ်ကပူရ၊ သူမျက်လှည့်ပြသွားတိုင်း

စိတ်က လုံးဝမချဘူး။

 

(၂)

လိမ်လည်ပြသ၊ လွဲချွတ်က

ပြရင်း အရှက်ကွဲခဲ့လေမလား။

ကြက်တူရွေး

မြွေပွေးနဲ့ မျောက်၊ စိတ်ရူးပေါက်ပြီး

ဖေါက်လာလေက

 မြွေကပဲ ကိုက်လိုက်လေမလား

မျောက်ကပဲ ဂျစ်လေမလား။

လက်ထောက်ကောင်လေး

နှစ်ယောက်မွေးထား၊ ကောင်လေးတွေက

ခတ်အအ ရယ်

 ဘာမှမပြောတတ်၊မပြတတ်သေး ၊
(ကျမစိတ်လေးရဲ့)
ပြေးပေါက်မှားခဲ့ကြလေမလား။
 

(၃)

၉-နှစ်၁၀-နှစ်

နှစ်တွေကြာလာ၊ စိုးရိ်မ်တာတွေ

ဘာမှမရှိတော့

ကျမယောကျင်္ား

အတော်သားတော့၊ ပြသွားတိုင်းမှာ

ပွဲတိုင်းပါပဲ

သေချာပိရိတဲ့ မျက်လှည့်ဆရာကြီးပါ။

(၄)

ကြက်တူရွေး

သင်ပေးတာပဲ၊ တဂဲဂဲနဲ့

တကတဲ သဘောကောင်းတဲ့ကောင်လေး။

မြွေပွေးမြွေပွေးနဲ့

ဟိတ်ပြေးလေသမျှ၊ မောင်နဲ့ကျတော့

မောင်အဆိပ်ထုတ်ထားတော့

အလကားကြိုးခွေပမာပါ။

မျောက်ဆိုတာဆော့တတ်တယ်

ဆော့လေသမျှ၊ မောင်ကြိုးကိုင်လှတော့

အကကောင်းတယ် ဖြစ်လာတယ်။

ခေတ်မီနည်းများနဲ့

ပြသားပြကွက်၊ အသစ်စက်စက်တွေ

မျက်လှည့်ဘက်မှာတော့ မောင်ကထိပ်။

(၅)

လက်ထောက်ကောင်လေး

အ,အလေးတွေ

မွေးထားတာက၊ ဟန်တောင်ကျသေး

ဘာမှ အာခံရဲမှာမဟုတ်

ဘယ်တော့မှ ဘဝင်ထောင်တတ်မှာမဟုတ်။

(၆)

မောင် မျက်လှည့်ပြ ထွက်သွားက

ကျမစိတ်မှာ၊ မပူပါ

ယုံလာပြီ ယုံပါပြီ။

မျက်လှည့်ကအပြန်မှ

အပန်းဖြေရန်စုံတွဲ

ကျမတို့နှစ်ယောက်ထဲလေ

ရုပ်ရှင်လည်းသွားလိုက်ဦးမယ်။

အိမ်လည်လည်း ထွက်လိုက်ဦးမယ်။

အိမ်မှာ ကြာကြာနေရတာ

ပျင်းစရာကောင်းတယ်ရှင့်။    

၀င်းလတ်

ရှုဒေါင့်ဂျာနယ်၊ အမှတ် ၆၅

၁၊ ဒီဇင်ဘာ၊ ၁၉၇၁

ကဲ ဒီကနေ့တော့ ဒီလောက်နဲ့ ခေတ္တနားလိုက်ကြရအောင်

နောက်နေ့မှာ ကဗျာအကြောင်းဆက်ဆွေးနွေးကြတာပေ့ါ။

  1. လူငယ်နဲ့ ကဗျာ ( ၁ )

  2. လူငယ်နဲ့ ကဗျာ ( ၂ )

  3. လူငယ်နဲ့ ကဗျာ ( ၃ )

Mizzima Weekly