ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးအတွက် တပ်မတော်က ကူညီသွားမည်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးအတွက် တပ်မတော်က ကူညီသွားမည်
ဓါတ်ပုံ မင်းထင်ကိုကိုကြီး facebook

ရန်ကုန် ဇူလိုင် ၄ ။           ။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် တပ်မတော်က  အကူအညီ ပေးသွားမည်ဟု ဇာတ်ညွှန်း နှင့် ဒါရိုက်တာ အဖြစ် ရိုက်ကူးမည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

"အခုဟာက အစိုးရအဖွဲ့ပါ၀င်ပတ်သက်လာတဲ့အတွက် တပ်မတော်ရော၊ ပြည်ထဲရေးရော ဒါကို ရိုက် ကူးတဲ့အချိန်မှာ လိုအပ်တဲ့ပစ္စည်းကိရိယာ၊ လက်နက်ကိရိယာ၊ အဝတ်အစားကအစ သူတို့မှာရှိတဲ့ဟာ တွေအားလုံး ပံ့ပိုးကူညီပါ့မယ်လို့ ကာကွယ်ရေးဝန်ကြီးရဲ့ကိုယ်စားပေါ့နော်။ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်က ပြောထားတယ်" ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းကို ဇူလိုင်လအကုန်တွင် အချောသတ် ပြီးစီးရန် ကြိုးပမ်းနေကြောင်း မင်းထင်ကိုကိုကြီးက ဆိုသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို မူလပေးထားသည့်အချိန်ဇယားအတိုင်း ၂၀၁၈ ခုနှစ်တွင် ဇာတ်ညွှန်း ရေးသား ခြင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးရိုက်ကူးခြင်း၊ ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် စီစဉ် ဆောင်ရွက် ထားသည်ဟုလည်း သိရသည်။

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ပြီးသွားလည်း ဝေဖန်သံတွေ ထွက်လာဦးမယ်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆက်ပြောသည်။

" ကျွန်တော်ထင်တယ်၊ ဇာတ်လမ်းပြီးသွားရင်လည်း အသံတွေထွက်လာဦးမယ်ထင်တယ်။ ကျွန်တော်က ဒါတွေကုံရမယ်ဆိုတာလည်း တွက်ထားပြီးသားပါ။ ဒါကို ဘယ်လိုပဲဖြစ်ဖြစ်ရင်ဆိုင်ရမှာပဲလေ။ ရုပ်ရှင် ပြီးသွားရင်လည်း လူတွေက စောင့်နေတဲ့သူတွေကလည်း စောင့်နေကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင် ဖြစ်ရမယ်ဆိုပြီးတော့ မဖြစ်တော့ဘူးဆိုတဲ့ဟာကို ဖြစ်ရမယ်ဆိုပြီး တာဝန်ခံထားတာပါ" ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း ရန်ကုန်၊ အမျိုးသားကဇာတ်ရုံတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ၏ ပဥ္စမအကြိမ် လုပ်ငန်းအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ငွေကြေးအခက်အခဲ မရှိစေရေးအတွက် တာဝန်ယူကြောင်း၊ စံမီတန်းမီဖြစ်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြာင်း ပြောခဲ့သည်။

ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမည့်အချိန်ကာလကို တစ်လတစ်ကြိမ်ခန့် မေးမြန်းနေကြောင်း ပြည် ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဆက်လက်ပြောကြားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန(ယဉ်ကျေးမှု)ရှိ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆောင်ရွက်နေသော အောင်ဆန်းရုပ်ရှင်ကို လာမည့် ၂၀၂၀တွင် ပြသနိုင်ရန် လျာထား ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းပေါင်း ၁ သောင်းခန့် လျာထားကြောင်း သိရပြီး လက်ရှိတွင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ၅ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်းမရှိ၍ ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly