ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် လက်ပံတောင်းတောင်ဒေသခံများ ဆန္ဒပြ

ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် လက်ပံတောင်းတောင်ဒေသခံများ ဆန္ဒပြ

မုံရွာ၊ ဇူလိုင် ၄။      ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဖျက်သိမ်းပေးရန်အတွက် ယနေ့ ဇူလိုင် ၄ ရက်နေ့ ညနေတွင် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ တင်ပြချက်များကို လိုက်နာခြင်းမရှိဘဲ အစားထိုးမြေ ဧက ၁၉၀၀ ကို လက်ပံတောင်းတောင် ကျေးရွာများနှင့် မိုင် ၄၀ ခန့် ဝေးသော နေရာတွင် ဖော်ဆောင်ပေးလာသောကြောင့် ယခုလို တောင်းဆိုလာရခြင်း ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

ကြွေးကြော်သံများအဖြစ် “ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအား လိုက်နာမှုမရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အလိုမရှိ” ၊ “ အစားထိုးမြေဧက ၁၉၀၀ အား အစီရင်ခံစာပါအတိုင်း ဖော်ဆောင်ပေးရေး” တို့ကို အဓိက ဦးစားပေး တောင်းဆိုခဲ့ကြသည်။

စုံစမ်းစစ်ဆေးရေးပါ အစီရင်ခံစာ တင်ပြချက်များကို လိုက်နာဆောင်ရွက်ဖို့ ဒေသခံများ၏ ယခု ဆန္ဒပြတောင်းဆိုမှုမှာ ၂၀၁၈ ခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက်လည်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်သူများက အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ် ဒေါက်တာ မြင့်နိုင်နှင့် တွေ့ဆုံနိုင်ရန် ယနေ့ ဇူလိုင် ၄ ရက်နေ့ မွန်းလွှဲ ၂ နာရီအချိန်ခန့်က ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required