ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်

ရန်ကုန် ၊ ဇူလိုင် ၄ ။        ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ၊ စီးပွားရေးနှင့် လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်ရေး ကိစ္စများကို ဆက်လက် ကူညီပေးသွားမည်ဟု ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲဖြင့် ကမ္ဘာ့ဘဏ်က ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၌ ကူညီပေးနေသည့် စီမံကိန်းများအား ရပ်ဆိုင်းတော့မည်ဟု ကမ္ဘာ့ဘဏ်အကြီးအကဲက ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးအား ပြောဆိုခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခုလို ကြေညာချက် ထုတ်ပြန် လာခဲ့ခြင်းလည်းဖြစ်သည်။

ကြေညာချက်တွင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဌ ဗစ်တိုရီးယားကွာလွာသည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ လာရောက်မည်ဟု ဖော်ပြပါရှိသည်။

ထိုခရီးစဉ်အတွင်း၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အဖွဲ့ဝင်များ ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ၂၀၁၂ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ကိစ္စများတွင် အမေရိကန် ဒေါ်လာသန်းနှစ်ထောင်နှင့် ညီမျှသည့် နှစ်ရှည် ချေးငွေများ ပံ့ပိုးပေးခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တဝန်းလုံး၌ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင်နိုင်ရန်များ အပါအဝင် ပဋိပက္ခဒေသများရှိ လူမှုအသိုင်းအဝန်းများအကြား သဟဇာတ ဖြစ်ရေးကြိုးပမ်းဆောင်ရွက်မှုများကို အထူးအလေးပေး ဆက်လက်ကူညီသွားမည်ဟု ယနေ့ ဇူလိုင် ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly