အမျိုးသမီးများ၏လုပ်ပိုင်ခွင့်များကို အများအကျိုးအတွက်သုံးရန် နိုင်ငံတော်၏အတိုင်ပင်ခံ တိုက်တွန်း

အမျိုးသမီးများ၏လုပ်ပိုင်ခွင့်များကို အများအကျိုးအတွက်သုံးရန် နိုင်ငံတော်၏အတိုင်ပင်ခံ တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

နေပြည်တော်၊ ဇူလိုင် ၃ရက် ။                    ။ အမျိုးသမီးများနေ့ကို အသိအမှတ်ပြုသလို ၄င်းတို့၏ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့် အခွင့်အရေးများကို အများအကျိုး အတွက် ကောင်းမွန်အောင် အသုံးပြုနိုင်ရန် စဉ်းစားကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“အမျိုးသမီးများပိုပြီးတော့ အခွင့်အရေးရလာလို့ရှိရင် အမျိုးသမီးများအတွက် အခွင့်အလမ်းတွေပိုပြီးတော့ ပွင့်လာလို့ရှိရင် အားလုံးအတွက်ဘယ်လိုပိုပြီးတော့ ကောင်းအောင်လုပ်နိုင်မယ့်။ အခွင့်အလမ်းတွေ ကျွန်မတို့ရနိုင်မလဲဆိုတာကို စဉ်းစားစေချင်ပါတယ်”ဟု ၄င်းကပြောကြားခဲ့သည်။

ယနေ့ ဇူလိုင်လ ၃ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သော မြန်မာ အမျိုးသမီးများ နေ့ အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသမီးတစ်ယောက်အနေဖြင့်လည်း တစ်နှစ်နှင့် တစ်နှစ် ကိုယ်ကျိုးအတွက်၊ အများအကျိုးအတွက် ပရဟိတနှင့် အတ္တဟိတ နှစ်မျိုးစလုံးကို ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့အတွက်လည်း အမြဲဆန်းစစ်ဖို့ လိုကြောင်းကိုလည်း ပြောကြားခဲ့သည်။

“ကိုယ့်အတွက်ဆိုတာဟာ ကိုယ်ဟာပိုပြီးတော့ပြည့်စုံတဲ့လူသား တစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ် ဘာလုပ်ခဲ့လဲဆိုတာက်ို အဲဒါကို ဆိုလိုတာပါ။ အခြားလူတွေအတွက်ဆိုလည်းဒီလိုပါပဲ။ အခြားအတွက် အများ အတွက် အများဟာလည်း ပိုပြီးတော့ပြည့်စုံတဲ့လူသားတွေဖြစ်နိုင်ဖို့အတွက် ဘယ်လိုကူညီခဲ့လဲ ဒါဟာ ရုပ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်တယ်။ ပညာပိုင်းဆိုင်ရာလည်း ဖြစ်နိုင်တယ်။ အဲ့တော ့ဒီဟာတွေကိုတော့ စဉ်းစားစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် အစဉ်အလာများအရ သားသမီးများကို ပြုစုပျိုးထောင်ရာတွင် မိဘများအပြင်၊ ကျောင်းစာသင်ခန်း များရှိ ဆရာ၊ ဆရာမများ အနေဖြင့်လည်း ကလေးများကို ဆဲလ်ဖုန်းများ ကွန်ပြူတာများကို အချိန်ပြည့် အသုံးပြု နေခြင်းသည် လူ့အသိုင်းအဝိုင်းနှင့်ပေါင်းသင်းဆက်ဆံရေးအတွက် အကျိုးပြုမှုများ မရှိကြောင်းကိုလည်း သင်ကြားပေးရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ကလေးလူငယ်များအနေဖြင့် ၄င်းအရာများကို အသုံးပြုနေခြင်းက ကောင်းသည့် ဗဟုသုတနှင့်ဆိုးသည့် ဗဟုသုတများကို ခွဲခြားမရနိုင်သည့်အတွက် “ကိုယ့်ဘာသာအကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားတတ်တဲ့ စိတ်ဓာတ်၊ ခွဲခြားချင်တဲ့ဆန္ဒရှိ အောင်လေးတော့ အားလုံးကိုသင်ပေးစေချင်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသမီးများနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ၏ ဇနီး၊ အငြိမ်းစားနိုင်ငံတော် သမ္မတ၏ ဇနီး၊ ဒုတိယသမ္မတ(၁)၏ ဇနီး၊ ဒုတိယသမ္မတ(၂) ၏ ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်တီ ဒုတိယဥက္ကဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly