မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အရောင်းဆိုင်ဝန်းရှိ ၀န်ထမ်းသက်သာဆိုင်အား ဖယ်ရှားရှင်းလင်း

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အရောင်းဆိုင်ဝန်းရှိ ၀န်ထမ်းသက်သာဆိုင်အား ဖယ်ရှားရှင်းလင်း

မန္တလေး၊ ဇူလိုင် ၃ ။          ။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အရောင်းဆိုင်ဝန်းအတွင်းတွင် ဝန်ထမ်းသက်သာဆိုင်တစ်ခုကို သက်ဆိုင်ရာဌာနမှ ဖယ်ရှားပေးရန် အကြိမ်ကြိမ် ညှိနှိုင်းခဲ့သည်ကို ဖယ်ရှားမပေးဟုဆိုကာ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

ယခင် MPPE (မြန်မာ့ရေနံနှင့်တွင်းထွက်ပစ္စည်းများတူးဖော်ရေးလုပ်ငန်း)က မဟာအောင်မြေမြို့နယ် သံလျက်မော် အရှေ့ရပ်ကွက်၊ ၈၆ လမ်းနှင့် ၄၁ လမ်းထောင့်ရှိ မော်တော်ယာဉ်သုံးဆီ အရောင်းဆိုင်အတွင်း၌ ဖွင့်လှစ်ထားသော ဆိုင် ဖြစ်သည်။

ဆိုင်ဖွင့်ထားသူများဖြစ်သည့် ဒေါ်မီမီခိုင်တို့အနေဖြင့် ယင်းတို့သည် ယခင် MPPE က ရေနံရောင်းဆိုင်ကို ကိုင်တွယ်ခဲ့စဉ်က ဆိုင်ဝန်ထမ်းများဖြစ်ခဲ့ပြီး ယခုစတိုးဆိုင်နေရာကို ဝန်ထမ်းသက်သာဆိုင်အဖြစ် လစဉ် လစာပေးကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် MOGE က ဆီအရောင်းဆိုင်ကို လက်လွဲကိုင်တွယ်သည့်အခါ စတိုးဆိုင်ကို ဖယ်ရှားခိုင်းသည့်အတွက် အသနားခံစာများတင်ခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးက အသနားခံစာကို လက်ခံရရှိကြောင်း အကြောင်းပြန်စာကိုရရှိခဲ့ကြောင်း ဆိုင်ရှင်ဒေါ်မီမီခိုင်က ပြောသည်။

ဝန်ထမ်းမိသားစုတစ်ခုက ဖွင့်လှစ်ခဲ့သော ယင်းဆိုင်သည် နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင် ဌာန အပြောင်းအလဲလုပ်ခဲ့ပြီး ယင်းစတိုးဆိုုင် ဖွင့်ထားသူတို့ကိုဥပဒေကြောင်းအရ ဖယ်ရှားပေးရန် တောင်းဆိုသော်လည်း ဖယ်ရှားပေးခြင်းမရှိဘဲ ဆိုင်ဖွင့်ထားသူများက အစိုးရအဆင့် အသီးသီးသို့ အသနားခံစာများတင်ပြကာ အသနားခံထားသည့်အတွက် ကြာမြင့်နေခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ ဖယ်ရှားပေးရန်တောင်းဆိုနေခဲ့သော်လည်း ဖယ်ရှားမပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့်  ဦးစီးဌာန၊ ဝန်ကြီးဌာနအသီသီးထံသို့ အကြောင်းချက်၊ ညွှန်ကြားချက်များတောင်းယူပြီး၊ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၃(၂) အရ အသိပေးစာများ၊ အကြောင်းကြားစာများ ထုတ်ဆင့်ကာ ဖယ်ခိုင်းခဲ့ခြင်းဖြစ်ပြီး ယခုဖယ်ရှားသည်မှာလည်း ဥပဒေနှင့် အညီလုပ်ကိုင်ခြင်းသာဖြစ်ကြောင်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မန္တလေးတိုင်းဒေသကြီး ကြီးကြပ်အင်ဂျင်နီယာ ဦးသိန်းစိုးခန့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required