ဒေါ်လာစျေးတက်မှုကို အစိုးရမှ အချိန်မီ ထိန်းချုပ်ရန်လို

ဒေါ်လာစျေးတက်မှုကို အစိုးရမှ အချိန်မီ ထိန်းချုပ်ရန်လို
ဓာတ်ပုံ - AFP

 

ဇူလိုင် ၃။                             ။ဒေါ်လာစျေးတက်မှုကြောင့် စက်သုံးဆီစျေးတက်မှုအပါအဝင် ကုန်စျေးနှုန်းကြီးမြင့်မှုများ ကြံုလာ နိုင်ပြီး အချိန်တိုအတွင်း အစိုးရအနေဖြင့် ထိန်းချုပ်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ထံမှ သိရသည်။

“အဓိကတော့ သွင်းကုန်တွေ စျေးတက်မယ်။ ကုန်စျေးနှုန်းတွေ မြင့်လာမယ်။ ဒါကြောင့် တည်ငြိမ်အောင် အချိန်တိုအတွင်းမှာ ပြန်ပြီး ထိန်းချုပ်ဖို့လိုတယ်။ ပြည်တွင်းမှာ သွင်းကုန်ပမာဏ များပြီး ပို့ကုန်က နည်းတော့ အဲဒါလည်းပါတယ်။ ကမ္ဘာ့စျေးကွက်ရဲ့ သက်ရောက်မှုက အဓိကကျတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဇူလိုင် ၃ ရက်ပေါက်စျေးများအရ အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၉၉ ကျပ်ရှိနေပြီး ဇွန်လ ၂၉ ရက်က တစ်ဒေါ်လာကို ၁၄၀၅ ကျပ်အထိ ပေါက်စျေးရှိနေသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒေါ်လာစျေးတက်ခြင်း၏ အကျိုးသက်ရောက်မှု၌ ရေနံစျေးမတက်သော်လည်း ပြည်တွင်း စက်သုံးဆီစျေး ကြီးမြင့်လာကြောင်း သိရသည်။

“ဒေါ်လာစျေးတက်တဲ့အတွက် သက်ရောက်မှုတွေကရှိတယ်။ လတ်တလောပဲ ဒီဇယ်ဓာတ်ဆီစျေး၊ ဒါက ရေနံစျေးတက်တာနဲ့ မဆိုင်ဘူး။ ဒေါ်လာစျေးတက်တာအတွက် တက်သွားတယ်။ တကယ်လို့ ရေနံစျေး တက်ရင်တော့ ထပ်တက်မှာပေါ့။ သယ်ယူပို့ဆောင်ရေးစရိတ်တက်တာနဲ့ ကျန်တဲ့စျေး အကုန်လိုက်တက်မှာ။ အလုပ်လုပ်ရတာ နည်းနည်းလေး ခက်တာပေါ့။ စျေးမငြိမ်တဲ့အခါကျတော့ ” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုး က ပြောသည်။

ယခုကဲ့သို့ ဒေါ်လာစျေး မြင့်တက်ခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် ရေရှည်မကောင်းမွန်နိုင်ဘဲ ကုန်စျေး နှုန်းများ မြင့်တက်လာနိုင်ကြောင်း သိရသည်။

“နိုင်ငံခြား ဒေါ်လာငွေဝင်ရင်တော့ ပြဿနာမရှိဘူး။ ကုန်စျေးနှုန်းတွေ ထိုးတက်လာရင်တော့ ကျွန် တော်တို့ အတွက် စိန်ခေါ်မှုရှိတယ်။ ရေတိုအတွက်ကတော့ကောင်းတယ်။ ရေရှည်အတွက်ကတော့ ကျွန်တော်တို့အတွက် မကောင်းဘူး။ ဒါတွေကတော့ တိုင်းရေး၊ ပြည်ရေးနဲ့လည်းဆိုင်တယ်။ ခရီးသွား လုပ်ငန်းတစ်ခုတည်းမဟုတ်ဘူး။ ကျန်တဲ့ Sector အကုန်လုံး အခြေယိုင်သွားနိုင်တယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုး ကပြောသည်။

ဒေါ်လာစျေးမြင့်တက်မှုများကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများတွင် အများဆုံး အကျိုးသက်ရောက် မှုများ ရှိနိုင်ပြီး ငွေစျေးနှုန်းများ အတက်ကြမ်း၊ အဆင်းကြမ်းဖြစ်နေလျှင် ပြည်တွင်းစီးပွားရေးကို ထိခိုက်မှုများရှိနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly