သမိုင်းလမ်းဆုံအနီး ပျောက်ဆုံးခဲ့သော ဥပဒေကျောင်းသူအား တစ်လကျော်ကြာထိ မတွေ့ရှိသေး

သမိုင်းလမ်းဆုံအနီး ပျောက်ဆုံးခဲ့သော ဥပဒေကျောင်းသူအား တစ်လကျော်ကြာထိ မတွေ့ရှိသေး

 

ရန်ကုန်၊ ဇူလိုင်လ ၃ ။                  ။ ရန်ကုန်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်စပ်ကြားရှိ သမိုင်းလမ်းဆုံအနီးတစ်ဝိုက်တွင် ပျောက်ဆုံးခဲ့သူ မိန်း ကလေး ၄ ဦးအနက် ကျန်ရှိသည့် ဥပဒေ တတိနှစ်တက်ရောက်နေသော တက္ကသိုလ်ကျောင်းသူအား တစ်လ ကျော်ကြာထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ပျောက်ဆုံးသူ မိဘများထံမှ သိရသည်။

လက်ရှိချိန်ထိ ပျောက်ဆုံးနေသူ အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်မှာ ဥပဒေဖြင့် တက္ကသိုလ်တတိယနှစ် တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်ခန့်က သံလမ်းမှ သမိုင်းလမ်း ဆုံဘက်သို့ အလုပ်မှပြန်လာစဉ် အဆက်အသွယ်ပြတ်တောက်ကာ သမိုင်းလမ်းဆုံး အနီးတစ်ဝိုက်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

” ဒီနေ့ထိရော ဒီကြားထဲမှာရော ဘာမှ ထူးခြားမှုမရှိသေးဘူး။ ရဲကလည်း ရှာဖွေနေတာပဲလေ။ ရဲတွေဘက်က ဘာမှ မထူးသေးတော့လည်း ဦးလေးတို့ကစောင့်နေရတာပေါ့ ”ဟု မပန်းအိအိခင်၏ ဖခင်ဖြစ်သူ ဦးထွန်းလင်းသိန်းက ဇူလိုင်လ ၃ ရက်တွင် မဇ္စျိမသို့ ပြောသည်။

သမိုင်းလမ်းဆုံအနီးတဝိုက်တွင် မပန်းအိအိခင်အပါအဝင် မိန်းကလေး ၄ ဦး ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ရ ရက်နေ့၊ ည ၉ နာရီခွဲခန့်အချိန်တွင် ပျောက်ဆုံးနေသူ ၄ ဦးထဲမှ အသက် ၁၇ နှစ်အရွယ် မနေနေကျော် နှင့် မမေနဒီအောင်တို့ နှစ်ဦးကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြန်လည်တွေ့ရှိခဲ့သည်။

အသက် အသက် ၁၆ နှစ် ၃ လအရွယ် မအိသိင်္ဂီကျော်ကိုလည်း ဇွန်လ ၈ ရက်နေ့၊ ညနေ ၅ နာရီခန့်အချိန်တွင် လှည်းကူးမြို့နယ်ရှိ ၎င်း၏ ဆရာမဖြစ်သူ နေအိမ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ထိုသို့ ပြန်လည်တွေ့ရှိခဲ့သည့် မိန်းကလေး ၃ ဦးမှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်သည့် ဇွန်လ ၂ ရက်နေ့က သမိုင်းလမ်းဆုံအနီးပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အုပ်ထိန်းသူများပြောပြချက်အရ မိဘများကဆူသဖြင့် စိတ်ဆိုးပြီး လျှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပျောက်ဆုံးခဲ့သူ မိန်းကလေး ၄ ဦးအနက် အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင် တစ်ဦးသာ တစ်လကျော်ကြာအထိ တွေ့ရှိခြင်းမရှိသေးဘဲ ပျောက်ဆုံးလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly