အင်ဒိုနီးရှားရှိ အေဂွန်မီးတောင် ပေါက်ကွဲပြန်၍ အနီးအနားပြည်သူများ ဘေးလွတ်ရာ အားချင်းရွှေ့ပြောင်း

အင်ဒိုနီးရှားရှိ အေဂွန်မီးတောင် ပေါက်ကွဲပြန်၍ အနီးအနားပြည်သူများ ဘေးလွတ်ရာ အားချင်းရွှေ့ပြောင်း

ဇူလိုင် ၃ ။           ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က အေဂွန်မီးတောင်ဟာ ယမန်နေ့ညပိုင်းက ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေ မှုတ်ထုတ်နေခဲ့လို့ အနီးအနားနေ ပြည်သူတို့ ဘေးလွတ်ရာ အားချင်းရွှေ့ပြောင်းခဲ့ကြရပါတယ်။

အဆိုပါ မီးတောင်ဟာ ဇူလိုင် ၂ ရက်က ပေါက်ကွဲပြီး ပြာတွေကို မီတာ ၂,၀၀၀ အမြင့်ထိ မှုတ်ထုတ်နေခဲ့တာဖြစ်ပါတယ်။

ယခင်အပတ်တုန်းကလည်း အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့် ဘာလီကျွန်း နိုင်ငံတကာလေဆိပ်ကို ယာယီပိတ်ခဲ့ရတဲ့အတွက် လေကြောင်းခရီးစဉ်ပေါင်း ရာနဲ့ချီ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ယခု နောက်ဆုံး မီးတောင်ပေါက်ကွဲမှုကတော့ ဒေသစံတော်ချိန် ည ကိုးနာရီလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ခုနစ်မိနစ်ကျော်လောက် ကြာမြင့်ခဲ့တယ်လို့ အင်ဒို ဘူမိ အေဂျင်စီက ပြောပါတယ်။

ဒါ့အပြင် မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်တွေကလည်း မီးတောင်ထိပ်ဝကနေ နှစ်ကီလိုမီတာ အကွာအထိ စီးကျလာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အေဂွန်မီးတောင်အနီးအနား လေးကီလိုမီတာရှိ တားမြစ်ဇုန်တစ်ခုကိုတော့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယခုအချိန်ထိတော့ မီးတောင်ပေါက်ကွဲမှုကြောင့် ဒုတိယအမြင့်ဆုံး အန္တရာယ်သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required