အရက်ကြောင်ကာ လူ ၄ ဦးအား ဓားဖြင့်ထိုးပြီး မိမိကိုယ်ကို သေကြောင်းကြံ

အရက်ကြောင်ကာ လူ ၄ ဦးအား ဓားဖြင့်ထိုးပြီး မိမိကိုယ်ကို သေကြောင်းကြံ

 

ဆော၊ ဇူလိုင် ၂ ။                      ။ မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပိန်းချောင်းကျေးရွာတွင် အရက်ကြောင် ကြောင်ကာ တစ်ရွာတည်းနေ လူ ၄ ဦးအား ဓားဖြင့်ထိုးပြီး မိမိကိုယ်ကို ဓားဖြင့်ထိုးကာ သေကြောင်းကြံစည်ခဲ့မှု ဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက် နံနက် ၁၀ နာရီ မိနစ်အချိန်တွင် မောင်ဆန်းထွန်း အသက် (၄၁) နှစ် အဘ ဦးကြံအောင်၏သားဖြစ်သူသည် အရက်ကြောင်၍ စိတ်ဖောက်ပြန်ကာ ဓါးမြှောင်(၁)ချောင်းအား ကိုင်ဆောင်ပြီး ပိန်းချောင်းကျေးရွာနေ ဒေါ်ဝဲစိန်သည် နေအိမ်အောက်ထပ်တွင် ရှိနေစဉ် ဆန်းထွန်းမှ ရောက်ရှိလာပြီး အသင့်ပါလာသော အရိုးအသွား (၁၁) လက်မရှိ ဓါးမြှောင်ဖြင့်ထိုး၍ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိခဲ့သည်။ 

ထို့နောက်  နေအိမ်တစ်ဝိုင်းထဲနေ ဒေါ်ဝဲစိန်၏ သားဖြစ်သူ ဦးအောင်မျိုးထွန်းအား ဓါးမြှောင်ဖြင့်ထိုး၍ ယာဘက်ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ(၁)ချက် (စိုးရိမ်ရ)ရရှိခဲ့ပြီး ဆန်းထွန်းမှာ ၎င်း နေအိမ်မှ ထွက်ခွာ၍ ဒေါ်မြကြည်နေအိမ်သို့ထပ်မံဝင်ရောက်၍ အသင့်ပါလာသော ဓါးမြှောင်ဖြင့် ဒေါ်မြကြည်အား ဓားဖြင့် ထိုးရာ ယာဘက်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁) ချက် အူထွက်ဒဏ်ရာ ရရှိခဲ့သည်။ 

အဆိုပါနေအိမ်မှ ဆက်လက်ထွက်ခွာရာ အိမ်ရှေ့လမ်း အရောက် တွင် လမ်းမပေါ်၌ တွေ့ရှိသော ၁၀ တန်းကျောင်းသူ မမြသဥ္ဇာလှိုင်အားဓါးမြှောင်ဖြင့် ထိုး၍ ယာဘက်ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာ(၁) ချက်ဖြင့် အူထွက်ဒဏ်ရာရရှိခဲ့သည်။ 

အဆိုပါ လူ ၄ ဦးအား ဓါးဖြင့် ထိုးပြီးနောက် ဆန်းထွန်းမှာ ရွာလမ်းမအတိုင်း ဆက်လက်ထွက်ခွာ၍ ရွောစာကြည့်တိုက်အနီး အရောက်တွင် ၎င်းကိုင်ဆောင်ထားသည့် ဓါးမြှောင်ဖြင့် မိမိကိုယ်ကိုဝမ်းဗိုက်အလယ်အား ထိုးသွင်းရာ ထိုးသွင်းဒဏ်ရာ (၁) ချက် အူထွက်(စိုးရိမ်ရ)ရရှိခဲ့သည်။

ဓါးဖြင့် အထိုးခံရသူများ ဖြစ်သည့် ဒေါ်ဝဲစိန် (၆၉ နှစ်) မှာ လောင်းရှည်တိုက်နယ်ဆေးရုံတွင် ကုသနေစဉ် သေဆုံးခဲ့ပြီး ဒေါ်မြကြည် (၄၉ နှစ်)မှာ ပခုက္ကူ ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်အတွင်း သေဆုံးခဲ့သည်။  မမြသဥ္ဇာလှိုင်(၁၇ နှစ်) မှာမူ လောင်းရှည်တိုက်နယ်ဆေးရုံမှ ပခုက္ကူ ဆေးရုံသို့ပို့ဆောင်သွားစဉ် လမ်းခရီးတွင် သေဆုံးခဲ့သည်။ 

လက်ရှိတွင် ဦးအောင်မျိုးထွန်း(ဘ)၂၉နှစ် ရပ်ကျေးစာရေး အဆင့်၁(စိုးရိမ်ရ)အခြေအနေရှိနေပြီး ဆေးကုသမှုခံယူနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly