ဒေါ်စု လုံးဝခွင့်မလွတ်သည့် အချက်နှစ်ချက်ကို ရှောင်ရှားရန် ပါတီဝင်များကို NLD သတိပေး

ဒေါ်စု လုံးဝခွင့်မလွတ်သည့် အချက်နှစ်ချက်ကို ရှောင်ရှားရန် ပါတီဝင်များကို NLD သတိပေး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဒေါ်အောင်ဆန်းစုကြည် လုံးဝခွင့်လွတ်မည် မဟုတ်သည့် အချက်နှစ်ချက်ကို ရှောင်ရှားကြရန် ပါတီဝင်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က သတိပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အများပိုင်ငွေကို အလွဲသုံးခြင်းနှင့် ကိုယ့်တက်လမ်းအတွက် လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ် အသုံးချခြင်း တို့ကို လုံးဝ ခွင့်လွတ်မည်မဟုတ်ကြောင်း NLD ၏ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမေဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်တွင် သုံးရက်ကြာ ပြုလုပ်သော ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲ နောက်ဆုံးနေ့ဖြစ်သည့် ဇူလိုင် ၁၂ရက်တွင် ဒေါက်တာမေဝင်းမြင့်က ထိုသို့ သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးဦးရေ ရှစ်ရာနီးပါးတက်ရောက်သည့် စုံညီတွေ့ဆုံပွဲနောက်ဆုံးနေ့တွင် ဒေါက်တာမေဝင်းမြင့်က “အမျိုးသမီးတွေ အားလုံး မှတ်ထားကြပါ။ ဒေါ်စုသည် ဒီအချက်နှစ်ချက်ကို ဘယ်တော့မှ ခွင့်လွတ်မှာ မဟုတ်ဘူး” ဟု   ပြောသည်။

အများပိုင်ငွေ အလွဲသုံးစားမှုတွင် ပါတီက အပတ်စဉ် ထုတ်ဝေနေသည့် ‘ဒီလှိုင်း’ စာစောင် ရောင်းရငွေပင် အကျံုးဝင်ကြောင်းနှင့် ဒုတိယအချက်မှာ မိမိရာထူး၊ နေရာ ရရှိရေးအတွက် လုပ်ဖောက်ကိုင်ဖက်များအပေါ် အသုံးချခြင်းတို့ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီအချက်နှစ်ချက်ဟာ ဒေါ်စုလုံးဝ ခွင့်မလွတ်တဲ့ အချက်နှစ်ချက် ဖြစ်လို့ အန်တီတို့ကို အမြဲတမ်း ဒေါ်စုက ဆုံးမထားတဲ့စကား ဖြစ်တဲ့အတွက် တစ်ပြည်လုံးက အမျိုးသမီးတွေက ဒီအသံကို မကြားဖူးသေးဘူးလေ။ ဒါကြောင့် အန်တီက ဒီမှာ သူတို့ကို ဆောင်ရန်၊ ရှောင်ရန်တွေ ပြောလိုက်တာ” ဟု စုံညီတွေ့ဆုံပွဲအပြီးတွင် ဒေါက်တာမေဝင်းမြင့်က သတင်းထောက်များကို ပြောသည်။

ထို့ပြင် စီပွားရေးသမားများနှင့် ပတ်သက်ပြီး ရှောင်ရှားရန် အချက်များကိုလည်း စုံညီတွေ့ဆုံပွဲတွင် သတိပေး ပြေကြားခဲ့သေးသည်။

“အာဏာရပါတီဖြစ်တဲ့အခါ စီးပွားရေးသမားတွေကတော့ အများကြီး ချဉ်းကပ်ကျတာပဲ။ ဒါကို ရှောင်ရမယ်။ နှောင်ကြိုးပါတာကို လက်မခံပါနဲ့။ ပွဲစားမလုပ်ပါနဲ့” ဟု ၎င်းက ဆိုသည်။

စုံညီတွေ့ဆုံပွဲ ဒုတိယနေ့တွင် ပြည်နယ်တစ်ခုမှ အမျိုးသမီးလုပ်ငန်းကော်မတီ တာဝန်ရှိသူတစ်ဦးက စာတမ်း တင်သွင်းရာ၌ ‘တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖယ်ရှားရေး’ ဟု ဖတ်ကြားစဉ် တက်ရောက်လာသူများက ဝိုင်းဝန်း လက်ခုပ်တီးကြသည့်အပေါ်လည်း ဒေါက်တာမေဝင်မြင့်က သတိပေးခဲ့သေးသည်။

“ဒေါ်စုသွားနေတဲ့လမ်းကြောင်းကို မြင်အောင်ကြည့်ပါ။ ဒီလိုနေရာမှာ အနှောက်အယှက်ဖြစ်စေမယ့် တပ်မတော်သားတွေနဲ့ပတ်သက်တဲ့ဟာ ဘာမှ မပြောပါနဲ့။ ဒါတွေဟာ အနှောက်အယှက်ဖြစ်ပါလိမ့်မယ််ဆိုတာ သူတို့ကို သတိပေးတာ” ဟု ၎င်းက ပြောသည်။

စုံညီတွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ပြီး အသေးစိတ်ကို ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီက ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly