အငြင်းပွားဖွယ် ကျောက်မီးသွေးစီမံကိန်းနှင့် ကရင်ပြည်နယ်အစိုးရ

အငြင်းပွားဖွယ် ကျောက်မီးသွေးစီမံကိန်းနှင့် ကရင်ပြည်နယ်အစိုးရ
 ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနယ်မြေ တည်ရှိရာ ကျေးရွာ အများအပြားတွင် ကျောက်မီးသွေးဆန့်ကျင်ရေး ပိုစတာများ ရှိနေသည်ကို တွေ့ရသည်  (ဓာတ်ပုံများ - စန္ဒာမော်/Myanmar Now)

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းက ိုနေပြည်တော် ခွင့်ပြုမည်ဟု ကရင်ပြည်နယ်အစိုးရက မျှော်လင့်နေသည်

(ဘားအံ) — ကရင်ပြည်နယ်၊ ဘားအံမြို့ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနယ်မြေရှိ လယ်ကွင်းပြင်သည် ကြခတ်ဝါးရုံပင် ပေါများသောတောအုပ်လေးဖြင့် အနားသတ်ထားသည်ကို တွေ့ရသည်။

ဒေသခံတို့ နိစ္စဓူဝဝမ်းစာရှာဖွေရေးအတွက် ယင်းတောအုပ်လေးမှ ထွက်ရှိသောတောဟင်းလျာများက အထောက်အကူပြုနေပြီး ယာတောစိုက်ခင်းတို့ကလည်း ဘဝရပ်တည်ရေးအတွက် အရေးပါလှသည်။

 ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနယ်မြေ တည်ရှိရာ ကျေးရွာ အများအပြားတွင် ကျောက်မီးသွေးဆန့်ကျင်ရေး ပိုစတာများ ရှိနေသည်ကို တွေ့ရသည်  (ဓာတ်ပုံများ - စန္ဒာမော်/Myanmar Now)

ပြည်နယ်အစိုးရက ဤနယ်မြေတွင် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ဆန္ဒပြင်းပြနေပြီးအနားတွင် တသွင်သွင်စီးဆင်းနေသော သံလွင်မြစ်က ထိုစက်ရုံအတွက် ကျောက်မီးသွေးသယ်ဆောင်ပေးမည့် အဓိကလမ်းကြောင်း ဖြစ်လာပေမည်။

ကရင်တိုင်းရင်းသူဒေါ်ပွေသအပါအဝင် ဒေသခံအများအပြားကမူစက်ရုံကြောင့် ၎င်းတို့၏ လူနေမှုဘဝအကြီးအကျယ် ပြောင်းလဲသွားမည်ဟုဆိုကြသည်။

 ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနယ်မြေ တည်ရှိရာ ကျေးရွာ အများအပြားတွင် ကျောက်မီးသွေးဆန့်ကျင်ရေး ပိုစတာများ ရှိနေသည်ကို တွေ့ရသည်  (ဓာတ်ပုံများ - စန္ဒာမော်/Myanmar Now)

“ကျောက်မီးသွေးစက်ရုံရောက်လာရင် ကျွန်မတို့လုပ်ကိုင်စားသောက်ရမယ့် နေရာတွေ ပျောက်ကုန်မှာပေါ့။ ဒါကြောင့် ဒီစက်ရုံကိုမဖြစ်စေချင်ဘူး”ဟုစီမံကိန်းနယ်မြေရှိ ထုံးတောင်ရွာတွင် လယ်မြေဧကတချို့ ပိုင်ဆိုင်သည့်  ဒေါ်ပွေသကပြောသည်။

ပြည်ထောင်စုအစိုးရက အငြင်းပွားဖွယ်ဖြစ်နေသော၊ ကန့်ကွက်သူများပြားသော အဆိုပါစီမံကိန်းကို အတည်ပြုခြင်း မရှိသေးပေ။ သို့သော်လည်းကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပူးတွဲလုပ်ကိုင်မည့် ကုမ္ပဏီတို့ကမူ စီမံကိန်းလုပ်ကိုင်ခွင့် ရမည်ဟုယူဆထားကြပြီး လုပ်ငန်းတချို့ကိုပင်အကုန်အကျခံ၊ လုပ်ဆောင်ထားပြီး ဖြစ်နေသည်။

စီမံကိန်းကို သဘောကျခြင်း မရှိသည့် သုံးအိမ်ရွာမှ ရာအိမ်မှူး စောကျော်တင့်

ဘေးထွက်ဆိုးကျိုး

တည်ဆောက်လိုသည့် စက်ရုံမှ လျှပ်စစ်ဓာတ် မီဂါဝပ် ၁,၂၈ဝထုတ်လုပ်နိုင်မည်ဟုသိရသည်။ နိုင်ငံအနှံ့အပြားရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေစေရန်အတွက် လျှပ်စစ်ဓာတ်အား အရေးတကြီးလိုအပ်လျက်ရှိရာ ထိုကိန်းဂဏန်းမှာ မက်လောက်စရာပမာဏ ဖြစ်နေသည်။

သို့သော်လည်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အရဤမျှ များပြားသည့် ပမာဏကိုထုတ်လုပ်မည့် စီမံကိန်းမျိုးကို တိုင်းနှင့်ပြည်နယ် အစိုးရများက ဆောင်ရွက်ခွင့် မရှိပေ။

စီမံကိန်းလုပ်ဆောင်ခွင့်အတွက်  ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေစဉ်မှာပင် ဒေသခံအများအပြား၏ ကန့်ကွက်မှုကို ပြည်နယ်အစိုးရရင်ဆိုင်နေရခြင်း ဖြစ်သည်။

စီမံကိန်းကို သဘောကျခြင်း မရှိသော်လည်း စီမံကိန်းနယ်မြေရှိ မြေကွက်ကို ပြည်နယ်အစိုးရထံ ရောင်းချလိုက်သည့် ဒေသခံ ဒေါ်ထုံးနီ 

ဒေသတွင်း သြဇာကြီးသော၊ အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သောကရင်အမျိုးသားအစည်းအရုံး (KNU) က  ဤစီမံကိန်းနှင့် ပတ်သက်ပြီးမည်သည့်ဘက်ကိုမျှ ထောက်ခံရန် အဆင်သင့် မရှိသေးဟုဆိုသည်။

 “ဒါကလုပ်ရင်လည်းကောင်းတယ်၊ မလုပ်ရင်လည်းကောင်းတယ်။ လုပ်ရင်တော့ ကျွန်တော်တို့ပြည်သူတွေ လိုအပ်နေတာတွေ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာမှာပေါ့”ဟုKNU  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

ကရင်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးစိုးလှိုင်ကစီမံကိန်းသည် သန့်စင်ကျောက်မီးသွေးနည်းပညာကို သုံးမည် ဖြစ်သောကြောင့် ဘေးထွက်ဆိုးကျိုးများကို ထိရောက်စွာ လျော့ချနိုင်မည်ဟုဆိုသည်။

စီမံကိန်းနယ်မြေအနီး ဘုန်းကြီးကျောင်းအုတ်တံတိုင်းတစ်ခုတွင် ကျောက်မီးသွေး ဆန့်ကျင်ရေး အမှတ်အသားများ ရေးသားထားသည်

“ကျွန်တော်တို့ အိမ်နီးချင်းထိုင်းမှာတောင်မှ ဒီလောက် နည်းပညာမြင့်မဟုတ်တဲ့ စနစ်နဲ့ ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်နေတာပဲ။ ကျွန်တော်တို့တိုင်းပြည်အတွက် လုပ်သင့်တာကိိုလုပ်တာပါ”ဟုပြည်နယ် ဝန်ကြီးက ပြောသည်။

ဘားအံဒေသစီမံကိန်း အကောင်အထည် ဖော်ပါကဝတ်ကြီး၊ ကျံုမသွယ် ကျေးရွာအုပ်စု နှစ်ခုတည်ရှိရာ နယ်မြေအတွင်း သဘာဝအရင်းအမြစ်များ ပျောက်ကွယ်သွားခြင်း၊  လယ်ယာကိုင်းကျွန်း အလုပ်အကိုင်များဆုံးရှုံးခြင်း၊ စက်ရုံဘေးထွက်ဆိုးကျိုးဆိုင်ရာ ကျန်းမာရေးထိခိုက်မှု အန္တရာယ်တို့ ပေါ်ပေါက်လာမည်ဟူသော စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။

ဘေးထွက်ဆိုးကျိုးနည်းနိုင်သမျှ နည်းပါးစေရန် ဆောင်ရွက်မည်ဟူသောအစိုးရ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သံသယရှိသူများထဲတွင် ဝတ်ကြီးတစ်ဘက်ကမ်းရှိ ဥဒေါင်းကျေးရွာမှ ရွာဦးကျောင်းဆရာတော်လည်း ပါဝင်သည်။

စီမံကိန်းနယ်မြေအနီး ဘုန်းကြီးကျောင်းအုတ်တံတိုင်းတစ်ခုတွင် ကျောက်မီးသွေး ဆန့်ကျင်ရေး အမှတ်အသားများ ရေးသားထားသည်

“လျှပ်စစ်မီးကတော့ လိုချင်တာပေါ့။ လျှပ်စစ်ရမှ ပြည်နယ်ရော၊ နိုင်ငံရောတိုးတက်မယ် ဆိုတာကိုနားလည်ပါတယ်။ ဒါပေမယ့်သူတို့က တကယ့်ကိုကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့ လုပ်ဆောင်မယ် ဆိုတာကိုတော့ မယုံဘူး။ ဒါကြောင့်ကန့်ကွက်နေရတာပါ”ဟုဆရာတော်ကမိန့်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များက မူစီမံကိန်းတွင် ကျောက်မီးသွေးတန်ချိန် (၄)သန်းနှစ်စဉ် အသုံးပြုမည်ဖြစ်သောကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ပေါင်း ရ၅ သိန်းခန့် ထွက်နိုင်ကြောင်း တွက်ချက်ထားကြသည်။

ပြည်သူ့လွှတ်တော်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌက တည်ဆဲဥပဒေများပါ စည်းကမ်းချက်များကိုလိုက်နာဆောင်ရွက်လျှင် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံသည်အန္တရာယ် မရှိနိုင်ကြောင်းသုံးသပ်သည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ်တွင်  ကျောက်မီးသွေး တင်သွင်းရေးအတွက် အသုံးပြုမည့် ရေလမ်းကြောင်း၊ ဆိပ်ကမ်းတို့ကိုလည် တွေ့ရသည်

“ဥပဒေတွေအတိုင်းလုပ်မယ် ဆိုရင်တော့ ပြဿနာမရှိပါဘူး။ တကယ်လို့ သူတို့ကဥပဒေကိုချိုးဖောက်တယ် ဆိုရင်လည်းအရေးယူလို့ ရနေတာပဲ”ဟုကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းကပြောသည်။

နေပြည်တော် မီးနီပြ

အခြားတိုင်းနှင့်ပြည်နယ်အစိုးရများကကျောက်မီးသွေးစွမ်းအင်သုံးစီမံကိန်းကြီးမျိုးကိုအဆိုပြုခြင်းမရှိသေးပေ။

စီမံကိန်းကိုတက်တက်ကြွကြွ ထောက်ခံကြသည့် ဒေသခံများလည်းရှိသည်။ ထိုသို့ ထောက်ခံသူအများအပြား တည်ရှိရာဝတ်ကြီးကျေးရွာသည် အငြိမ်းစားဝန်ထမ်းများစွာ နေထိုင်ကြသောရွာလည်း ဖြစ်သည်။

ထိုရွာမှ ရဲဝန်ထမ်းဟောင်းတစ်ဦး ဖြစ်သောဦးခင်မောင်ဆန်းကစက်ရုံမှ ဘေးထွက်ဆိုးကျိုးထွက်ပေါ်မလာရန် အစိုးရကစီစဉ်ပေးနိုင်မည်ဟုယုံကြည်နေသည်။

“ကျွန်တော်ကတော့ တိုင်းပြည်ကိုအကျိုးရှိစေမယ့် ဒီစီမံကိန်းကို ကြိုဆိုတယ်။ ဖြစ်စေချင်တယ်။ အစိုးရကလည်း အန္တရာယ် အနည်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ပြောထားတာပဲလေ” ဟုအသားညိုညို၊ ထောင်ထောင်မောင်းမောင်းရဲဝန်ထမ်းဟောင်းကဆိုသည်။

ကျောက်မီးသွေး၊ ရေအားတို့ကို အသုံးပြုရေးမှာ ကန့်ကွက်ချက်များ၊ ကန့်သတ်ချက်များကြောင့် ဓာတ်အားထုတ်လုပ်ရေး အစီအစဉ်များ နှောင့်နှေးရသည်ဟုအစိုးရကကနဦးတွင် ပြောကြားခဲ့သည်။

၂ဝ၁၆ တွင် အစိုးရသစ်၏ ပထမရက် ၁ဝဝ ဆောင်ရွက်ချက်များဆိုင်ရာရှင်းလင်းပွဲ ပြုလုပ်စဉ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

၂ဝ၁၈ ဖေဖော်ဝါရီလနေပြည်တော်အစည်းအဝေးကြီးတစ်ခုတွင်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်က ဓာတ်အားထုတ်လုပ်ရေးအတွက် အခြားရွေးချယ်စရာတစ်ခုကို ချပြခဲ့သည်။

ကျောက်မီးသွေးကဈေးသက်သာသော်လည်း"အခြားသုံးသပ်ရန် အချက်များစွာရှိသဖြင့်" LNG ဓာတ်ငွေ့သုံးပြီး လျှပ်စစ်ဓာတ်ထုတ်လုပ်ရေး ရေတိုစီမံကိန်းများ ပြုလုပ်မည်ဟုဝန်ကြီးကဆိုသည်။

မတ်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင်မူထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသားပြောခဲ့သည်။ ဒေသခံတို့ကန့်ကွက်မှုကြောင့် စီမံကိန်းကိုခွင့်ပြုမည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။ လျှပ်စစ်ဓာတ်ထုတ်လုပ်ရန် အသုံးပြုမည့် စွမ်းအင်များအနက် ကျောက်မီးသွေးသည် နောက်ဆုံးဦးစားပေးဖြစ်မည်ဟုဆိုသည်။

‘‘ရေအားတွေ အများကြီး။ တခြားလုပ်စရာတွေလည်းအများကြီးပါ။ ဒါလုပ်မှ လျှပ်စစ်ရမှာမဟုတ်ဘူး”ဟု ဦးဝင်းခိုင်ကပြောသည်။

စီမံကိန်းကိုနေပြည်တော်ဘက်မှ သဘောမတူကြောင်းအသံထွက်နေသော်လည်း  ပြည်နယ်အစိုးရနှင့် တွဲဖက်ပြီး စီမံကိန်းအကောင်အထည်မည့် Toyo Thai Myanmar ကုမ္ပဏီကနောက်ဆုတ်ခြင်းမရှိပေ။

နှစ်ဆန်းပိုင်းတွင် တင်ပြထားသည့် လုပ်ငန်းဆိုင်ရာအစီရင်ခံစာနှင့် ပတ်သက်ပြီးအစိုးရထံမှ ပြန်ကြားချက်ကို စောင့်မျှော်နေသည်ဟုကုမ္ပဏီ၏ ဝတ်ကြီးဒေသကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်စီမံကိန်းတာဝန်ခံ ကိုထက်အောင်မွန်ကပြောသည်။          

"ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ လုပ်ရမယ့် ဖြစ်နိုင်ချေ ရှိ၊ မရှိကနဦးစမ်းသပ်ထားတဲ့ အစီရင်ခံစာကို ပြည်နယ်အစိုးရကိုရော ပြည်ထောင်စုကိုရောတင်ထားပါတယ်” ဟုကိုထက်အောင်မွန်က ဇွန်လနှောင်းပိုင်းတွင် ပြောသည်။     

ကုမ္ပဏီကစီမံကိန်းအတွက် ဒေါ်လာသုံးဘီလီယံရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ စီမံကိန်းတွင် အသုံးပြုမည်ဆိုသော သန့်စင်ကျောက်မီးသွေး၏ ဘေးထွက်ဆိုးကျိုးနည်းပါးမှုအကြောင်းလေ့လာနိုင်ရန် ဒေသခံတချို့ကိုဂျပန်နိုင်ငံသို့ အလည်အပတ် ပို့ဆောင်ပေးခဲ့သည်။

ပြည်နယ်အစိုးရ၏ ပြင်ဆင်မှု

စီမံကိန််း လုပ်ကိုင်ခွင့်ပြုမည် ဆိုပါကစက်ရုံသည် ၂ဝ၂ဝ ရွေးကောက်ပွဲအပြီးသုံးနှစ်ကြာမှ စတင် လည်ပတ်နိုင်မည် ဖြစ်ပြီးသတ်မှတ်ထားသည့် ဓာတ်အားပမာဏအပြည့်အဝထွက်ရှိရန် နောက်ထပ် တစ်နှစ် အချိန်ယူရမည်ဟုသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ကနေပြည်တော်ထံမှ ခွင့်ပြုချက်ရသည့်နှင့် စီမံကိန်းကိုစတင်နိုင်ရန် စီစဉ်နေသည်။

 “တကယ်လို့များ ပြည်ထောင်စုကမီးစိမ်းပြလိုက်တာနဲ့ ချက်ချင်းလုပ်နိုင်အောင်ဆိုပြီးတော့ အဲဒီကမြေတွေကိုနစ်နာကြေးပေးထားတယ်”ဟုဝန်ကြီးချုပ်ကသတင်းထောက်များကိုပြောသည်။

ပြည်နယ်အစိုးရကစီမံကိန်းနယ်မြေအတွင်းဧကအများအပြားကိုလျော်ကြေးကျပ်သိန်းပေါင်းကိုးထောင်ကျော် သုံးကာဝယ်ယူပြီး ဖြစ်သည်ဟု ပြည်နယ်အဆင့် ကော်မတီတစ်ခုထံမှ သိရသည်။

ယမန်နှစ်ကဒေသခံ ၂၂ ဦးကိုနစ်နာကြေး၊ သီးနှံလျော်ကြေး ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးမင်းမင်းကပြောသည်။

ဤအခြေအနေတွင် ထုံးတောင်ကျေးရွာမှ ဒေသခံအများအပြားကမူ ၎င်းတို့၏ လယ်မြေများကို မည်သည့်နည်းနှင့်မျှ မရောင်းနိုင်ကြောင်းပြောကြသည်။ သုံးအိမ်ရွာတွင်မူမြေယာလျော်ကြေးယူထားသူငါးဦးအနည်းဆုံးရှိသည်။ လျော်ကြေးယူထားသည် ဆိုသော်လည်းစီမံကိန်းကို သဘောကျခြင်းမရှိဟု သုံးအိမ်ရွာမှ ဒေါ်ထုံးနီကပြောသည်။

 “ဒီလယ်တွေကိုမရောင်းရင် စီမံကိန်းလုပ်တဲ့အခါ နစ်နာမယ်လို့ ပြောကြတယ်။ ကျွန်မကလည်း ဒီလယ်တွေကို ထိုင်းမှာအလုပ်သွားလုပ်ပြီး ဝယ်ထားတော့ အလကားတော့ အဆုံးမခံနိုင်ဘူးလေ။ ဒါကြောင့် ရောင်းလိုက်ရတာပါ”ဟုဒေါ်ထုံးနီကထိုင်နေသည့် သစ်သားခုံကိုလက်သဲဖြင့်ခြစ်ရင်းပြောပြသည်။

စီမံကိန်းနှင့် ပတ်သက်ပြီးမည်သို့ မည်ပုံလုပ်ဆောင်မည် ဆိုသည်ကို ပွင့်ပွင့်လင်းလင်းကြေညာသင့်သည်ဟု ဝေဖန်သူလည်းရှိနေသည်။  

ပြည်နယ်ဝန်ကြီးချုပ်ကမူ အဆိုပါဝေဖန်မှုများကို ပယ်ချလိုက်သည်။

 “ကျွန်မတို့ကပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောတယ်။ ကျွန်မတို့ကိုမေးလာတိုင်း ကျွန်မတို့ ဖြေနေတာပဲ။ အားလုံးကိုသိအောင်လည်းပြောပြထားတယ်။ ဘာကိုမှ ထိန်ချန်ထားတာမရှိဘူး” ဟုဒေါ်နန်းခင်ထွေးမြင့်က မေလကုန်ပိုင်း ပြည်နယ်မြို့တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

စီမံကိန်းနယ်မြေသုံးအိမ်ရွာမှ ရာအိမ်မှူး စောကျော်တင့်ကမူ ကျောက်မီးသွေး စွမ်းအင်သုံးပြီး ဓာတ်အားထုတ်လိုသူတို့သည် ဒေသခံများကိုပြောဆို တိုင်ပင်ခြင်းမရှိဟုဆိုသည်။

မကြာသေးမီက ထိုဒေသသို့ သွားရောက်စဉ် တဖွဲဖွဲကျနေသော မိုးစက်များအောက်တွင် ခေါင်းဆောင်းမပါ၊ ဖိနပ်ဝတ်ဆင်ထားခြင်းမရှိသည့် ရာအိမ်မှူးကဓားမတစ်ချောင်း ချိုင်းကြားညှပ်ကာရွာသုဿန်အစပ်၌ လူးလားခေါက်တုံ့ လျှောက်ရင်းမြေကျင်း တချို့ကို လိုက်လံပြသသည်။

“မြေစမ်းဖို့ဆိုပြီးမြေတွင်းတွေ ဖောက််တယ်။ ကျွန်တော်တို့ မသိရဘူး။ ဘာမှအသိပေး၊ပြောဆိုတိုင်ပင်ခြင်းမရှိဘဲ လုပ်ချင်ရာလာလုပ်တတ်တဲ့သူတွေရဲ့ ကတိတွေကိုဘယ်လိုယုံရမလဲ” ဟုရာအိမ်မှူးကပြောလိုက်သည်။       ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly