မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များကို ၂၁ ပင်လုံတက်ရန် ဖိတ်ကြားစာမရောက်လာသေး

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များကို ၂၁ ပင်လုံတက်ရန် ဖိတ်ကြားစာမရောက်လာသေး
ဓာတ်ပုံ - FPNCC

ရန်ကုန် ၊ ဇူလိုင် ၂ ။                                 ။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရသေးခြင်းမရှိသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များသို့ ၂၁ ရာစုပင်လုံ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားစာပေးပို့လာသေးခြင်းမရှိသေးကြောင်း UWSA ဝအဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

“ဒီကိစ္စ ကျွန်တော်မသိရသေးပါဘူး။ ဖိတ်မယ်လို့တော့ ပြောသံကြားတယ်။ ဘယ်လိုဖိတ်မလဲ တစ်ဖွဲ့ချင်းစီလား အဖွဲ့လိုက်လား အဲ့လိုတော့ရှိမယ်” ဟု ဦးညီရန်းကဆိုသည်။

တရုတ်- မြန်မာ နယ်စပ် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ဝအဖွဲ့ (UWSA) ၊ တအာဝ်း လွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့သည် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအဖွဲ့ဝင်များ အားလုံး ပါဝင်မှသာ ဆွေးနွေးပွဲတက်ရောက်ရန် မူဝါဒချမှတ်ထားသည်ဟု ဦးညီရန်းက ဆိုသည်။

သို့သော်လည်း အစိုးရဘက်ကမူ တစ်ဖွဲ့ချင်းစီသာ ဖိတ်ကြားသွားမည်ဟု ပြောဆိုထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား တက်ရောက်ရန် ဖိတ်ကြားရေး အစိုးရနှင့် တပ်မတော်ကြားညှိနှိုင်းရဦးမည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၂၅ ရက်နေ့တွင် ပြောဆိုထားသည်။

တတိယအကြိမ်မြောက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးအား ဇူလိုင် ၁၁ ရက်နေ့ မှ ၁၆ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့တက်ရောက်ရန် ယခုအချိန်အထိ ဖိတ်ကြားလားခြင်းမရှိသေးဟု တအာင်းလွတ်မြောက်ရေးအဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးတာအိုက်ကျော်က မဇ္စျိမသို့ အတည်ပြုပြောဆိုထားသည်။

ပြီးခဲ့သည့် ဒုတိယအကြိမ်အစည်းအဝေးတွင် အကျပ်အတည်းဖြစ်ခဲ့သည့် တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုင်ရာ ကိစ္စရပ်များ ၊ ခွဲမထွက်ရေး ကိစ္စရပ်များကို ယခုအကြိမ်  အစည်းအဝေးတွင် ဆွေးနွေးခြင်း ပြုလုပ်မည်မဟုတ်ဘဲ ၂၁ ရာစု ပင်လုံအစည်းအဝေးပြီးမှသာ ဆက်လက်ဆွေးနွေးရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီထားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို (၆) လ တစ်ကြိမ် ကျင်းပရန် သဘောတူညီ ထားသော်လည်း ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required