တရုတ်ဓါတုစက်ရုံ ပေါက်ကွဲမှု ငါးဦးသေ

တရုတ်ဓါတုစက်ရုံ ပေါက်ကွဲမှု ငါးဦးသေ

ပေကျင်း၊ စက်တင်ဘာ ၂ ။        ။ တရုတ်နိုင်ငံတွင် မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့တစ်ခုတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးကြောင့် လူ ၁၅၉ဦးသေဆုံးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ဓါတုစက်ရုံ တစ်ခုတွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ငါးဦးသေဆုံးခဲ့သည်ဟု စက်တင်ဘာ ၁ က ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

နိုင်ငံအရှေ့ပိုင်း တုန်းယင်မြို့တွင် မီးလုံးကြီးတစ်လုံး ဖြစ်ပေါ်နေသည့် ဓါတ်ပုံများမှာ လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။ ပေါက်ကွဲမှုမှာ သြဂုတ် ၃၁က တျောက်ကိုရှီအန်းပင်းယွမ် ဓါတုပစ္စည်းကုမ္ပဏီ၏ စက်ရုံ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအစိုးရ၏ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသည်။

မီးကို ငါးနာရီအကြာတွင် ငြိမ်းသတ်နိုင်ခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း ယင်းဆိုက်က ဖော်ပြသည်။ ပေါက်ကွဲမှုကြောင့် ငါးဦးသေဆုံးကြောင်း နိုင်ငံပိုင် ရှင်ဟွာ သတင်းအေဂျင်စီက အစီရင်ခံခဲ့သည်။

တရုတ်နိုင်ငံ၏ အဓိကဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ထျန်ကျင်းတွင် အန္တရာယ်ရှိ ပစ္စည်းများသိုလှောင်ထားသည့် အဆောက်အအုံတွင် ကြီးမားသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီးနောက် ယခုပေါက်ကွဲမှုဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထျန်ကျင်းပေါက်ကွဲမှုတွင် သေဆုံးသူစုစုပေါင်းမှာ စက်တင်ဘာ ၁ ရက်နေ့အထိ ၁၅၉ဦးရှိပြီး ၁၄ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

လွန်ခဲ့သည့်လက ယင်းပေါက်ကွဲမှုများကြောင့်  ပြည်သူများကြား ဒေါသထွက်ခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးသတ်မှတ်ချက်များ ချိုးဖောက်မှု၊လုပ်ငန်းရှင်နှင့် အရာရှိများကြား ဖြစ်နိုင်ဖွယ်ရာ လက်ဝါးချင် ရိုက်ထားမှုတို့ ရှိနိုင်ကြောင်း စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်။ ထို့အပြင် ပေါက်ကွဲမှုများကြောင့် လူဦးရေ ၁၅သန်းရှိသော ထျန်ကျင်း၏ ရေထုလေထုများကို ညစ်ညမ်းနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

သြဂုတ် ၂၃ကလည်း ရှန်တောင်းရှိ ဓါတုစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သေးရာ လူတစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly