ပျိုးသက်နု ကောက်ကွက်ကြဲ စပါးစိုက်ပျိုးနည်း ပြပွဲတွင် တောင်သူ ၄၀ ကျော် တက်ရောက်လေ့လာ

ပျိုးသက်နု ကောက်ကွက်ကြဲ စပါးစိုက်ပျိုးနည်း ပြပွဲတွင် တောင်သူ ၄၀ ကျော် တက်ရောက်လေ့လာ

 

မကွေး၊ ဇွန် ၃၀ ။      ။ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် (၂၀၁၈-၂၀၁၉) နွေစပါးစိုက်ပျိုးရာသီ စိုက်ပျိုးထားသည့် တောင်သူ ဒေါ်အေးသိန်း၊ ဦးစန်းလွင်မောင်နှင့် ဦးမောင်လွင် ၃ ဦးတို့၏ ၁၀ ဧကရှိ ပျိုးသက်နု ကောက်ကွက်ကြဲ စပါး စိုက်ပျိုးနည်း စံပြစမ်းသပ်စိုက်ကွက်များ ပြပွဲအား ဇွန်လ ၃၀ရက်နေ့က ပြုလုပ်ရာ စိတ်ပါဝင်စားသူ တောင်သူ ၄၀ ကျော် တက်ရောက်ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ စပါးစံပြ စမ်းသပ်စိုက်ကွက်များသည် စပါးစိုက် တောင်သူများအတွက် မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းနှင့် စပါးထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့် စလင်းမြို့နယ်အတွင်းရှိ ဘီးဇပ်ကျေးရွာ ၊ရှမ်းစုကျေးရွာနှင့် အောက်ကုန်အုပ်စုကျေးရွာတို့မှ တောင်သူ ၄၀ ဦးခန့် တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။

စမ်းသပ်စိုက်ပျိုးထားသည့် စပါးမျိုးများမှာ အပင်ဇီဝ နည်းပညာဌာနမှ စမ်းသပ်ထားသည့်စပါး ခြောက်မျိုး ဖြစ်ပြီးဧရာမင်းနှင့်ရတနာတိုး စပါးမျိုးများဖြစ်ကြောင်း စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူ းဦးမြင့်လင်းက ပြောသည်။

“ စိုက်ပျိုးရေးဌာနတွေကနေ ဦးစီးပြီး သီးနှံစမ်းသပ်စိုက်ကွက်တွေ ဆောင်ရွက်တာကဒေသနဲ့ ကိုက်ညီပြီး ရောဂါဒါဏ်ခံနိုင်မှု စျေးကွက်ရှိမှု တို့ကို အဆင်ပြေစေမဲ့ သီးနှံမျိုးစေ့တွေကို စမ်းသပ်စိုက်ပျိုးပေးပါတယ်။ အခုလည်း အပင်ဇီဝ နည်းပညာဌာနမှ စမ်းသပ်ထားတဲ့စပါးမျိုးစေ့တွေကို ပျိုးသက်နုကောက်ကွက်ကြဲ စိုက်ပျိုးနည်း စပါးစံပြစမ်းသပ်စိုက်ကွက်တွေကို စိုက်ပျိုးရေးဌာနကဦးဆောင်ပြီး တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ ပျိုးသက်နုကောက်ကွက်ကြဲစိုက်နည်းက တောင်သူတွေအတွက် စိုက်ပျိုးစရိတ် အကုန်အကျနည်းတဲ့နည်းစနစ်ပါ ” ဟု ဦးမြင့်လင်းက ပြောသည်။

အဆိုပါစမ်းသပ်စပါးစိုက်ကွက်များကို မတ်လတွင်စိုက်ပျိုးခဲ့ပြီး ယခုလက်ရှိစပါးသက်တန်းသည် ရက်ပေါင်း (၁၁၀) ရှိနေပြီဖြစ်ကြောင်း၊ စမ်းသပ်စိုက်ပျိုးထားသည့် စပါးများသည် တစ်ဧက(တင်း၁၀၀)အထိ ထွက်သည်ဟု သိရသည်။

ယင်း စပါးစံပြစမ်းသပ်စိုက်ကွက်များပြပွဲတွင် တောင်သူ(၄၀)ကျော်နှင့် စိုက်ပျိုးဦးစီးဌာမှ ခရိုက်မျိုးစေ့ တာဝန်ခံ ဒေါ်ဥမ္မာအောင်(ဦးစီးအရာရှိ) နှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်နုနုစိန်(ဦးစီးအရာရှိ) နှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required