ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တမူးမြို့၌ မဲစာရင်း ကောက်ယူပြီးစီး

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တမူးမြို့၌ မဲစာရင်း ကောက်ယူပြီးစီး
၂၀၁၇ ခုနှစ်။ ကြားဖြတ်ရွေးကောက်ပွဲ၌ မုံရွာမြို့တွင် မဲဆွယ်စည်းရုံးနေကြစဉ်။

မုံရွာ၊ ဇွန် ၃၀။                                       ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ တမူးမြို့တွင် မဲပေးပိုင်ခွင့်ရှိသော မဲစာရင်းများ ကောက်ယူပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့မှ မေလ ၂၄ ရက်နေ့ထိ လစ်လပ်လျှက်ရှိသော မဲဆန္ဒနယ်အတွင်း၌ မဲစာရင်းများ ကောက်ယူခြင်း၊ စာရင်းများပြုစုခြင်း၊ မဲပေးပိုင်ခွင့်ရှိသူများကို စိစစ်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ပထမအကြိမ်အဖြစ် ၂ ပတ်ကြာ ကြေညာပေးထားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ တရားဝင်ထုတ်ပြန်ကြေညာပေးထားမှာဖြစ်ပါတယ်။" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

ယခုလာမည့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ ၂၂ ရက်နေ့ထိ ၁၄ ရက်ကြာ မဲစာရင်းကြေညာပေးထားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး များတွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။

တမူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထန်ခိုဟောက်မှာ ၂၀၁၇ ခုနှစ်၊ ဇွန် ၂၉ ရက်က ကွယ်လွန်သွားသည့်အတွက် ၄င်းနေရာသည် လစ်လပ်နေခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲပေးပိုင်ခွင့်ရှိသူ ၃၂၁၅၈ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၀၀၀ ခန့် တိုးလာကြောင် း   ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက ဆက်လက် ပြောခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မုံရွာ မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာလစ်လပ်ခဲ့ပြီး ယခုကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း တမူးမြို့နယ်၊ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂) တစ်နေရာတည်းသာ လစ်လပ်ခဲ့သည်။

တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာသည် ရပ်ကွက် ၅ ခုနှင့်၊ ကျေးရွာ ၁၅ ရွာတို့ ပါရှိပြီး မဲရုံ ၃၈ ရုံ ပြုလုပ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly