ဘာသာရေးကို ထိခိုက် မဲမဆွယ်ဖို့ သမ္မတ သတိပေး

ဘာသာရေးကို ထိခိုက် မဲမဆွယ်ဖို့ သမ္မတ သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၂ ။         ။ နိုဝင်ဘာလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ယခုလ ၈ ရက်တွင် နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးနိုင်တော့မည်ဖြစ်ရာ အဆိုပါ မဲဆွယ်မှုများတွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုခုနှင့် ပတ်သက်၍ ထိခိုက်ပြောဆိုစည်းရုံးမှု မလုပ်ရန် သမ္မတ ဦးသိန်းစိန်က သတိပေးလိုက်သည်။

စက်တင်ဘာ ၂ ရက် လစဉ် ရေဒီယို မိန့်ခွန်းတွင် သမ္မတက ပြောဆိုခြင်းဖြစ်ပြီး "ကိုးကွယ် ယုံကြည်မှု ပေါင်းစုံရှိတဲ့ လူမျိုးစုများစွာ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မိမိတို့ရဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်များသည် နိုင်ငံရဲ့ လူမှု သဟဇာတဖြစ်မှုနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုများအပေါ် ထိခိုက်နစ်နာစေမယ့် ကိစ္စရပ်တွေ မပေါ်ပေါက်ဖို့ အထူး သတိပြု ကြရမှာဖြစ်ပါတယ်" ဟု သမ္မတကပြော သည်။

သမ္မတက သူ၏ မိန့်ခွန်းတွင် မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ အထူးအလေးပေး ပြောဆိုထားပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံသားများ စည်းလုံးညီညွတ်မှု ပျက်စေမည့်ဟောပြော စည်းရုံးမှု များအလုပ်ကြရန် နိုင်ငံရေးပါတီများသို့ အထူးတာဝန်ယူ စောင့်စည်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်" ဟု သမ္မတက ပြောသည်။

နိုင်ငံရေးအင်အားစု အချင်းချင်း ပြစ်တင်ဝေဖန်ရှုံ့ချသည် ဟောပြောစည်းရုံးမှုများကိုလည်း ရှောင်ကြရန် ထပ်မံတိုက်တွန်းထားပြီး ရွေးကောက်ပွဲ ကော်မရှင်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာရန်လည်း သမ္မတက ပြောသည်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေမယ့် ဟောပြောစည်းရုံးမှုတွေအစား မိမိတို့ ကိုယ်စားပြုမယ့် ပြည်သူများရဲ့ အနာဂတ် အိပ်မက်တွေဖြစ်တဲ့ မြန်မာနိုင်ငံသစ် အတွက် ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေပါဝင်တဲ့ မဲဆွယ်စည်းရုံးမှုများ ဖြစ်စေဖို့ ထပ်မံတိုက်တွန်း လိုပါတယ်" ဟု သမ္မတက ပြောသည်။

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် လုပ်ဆောင်သွားမည်ဟု သမ္မတက ကတိပေးထားပြီး "ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီး ကြားကာလများရဲ့ နိုင်ငံရေး တည်ငြိမ်မှုရှိစေပြီး ပြည်သူလူထုရဲ့ ဆန္ဒမဲများနဲ့အညီ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်ကို ညင်သာစွာ အသွင်ကူးပြောင်းနိုင်စေဖို့လည်း ကြိုးပမ်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်" ဟုလည်း သမ္မတက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required