(၅)ချီထိ ယှဉ်ပြိုင်ထိုးသတ်ပြီး လက်ရှိချန်ပီယံဆုကို ကာကွယ်ခဲ့တဲ့ အောင်လအန်ဆန်

(၅)ချီထိ ယှဉ်ပြိုင်ထိုးသတ်ပြီး လက်ရှိချန်ပီယံဆုကို ကာကွယ်ခဲ့တဲ့ အောင်လအန်ဆန်
ဓာတ်ပုံ - သက်ကို/မဇ္စိမ

စိန်ခေါ်သူ ကန်ဟာဆီဂါဝါကို  ၅ ချီတိုင်တိုင် ယှဉ်ပြိုင်ထိုးသတ်ပြီးနောက် အောင်လအန်ဆန်က သူ့ရဲ့ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ပြီး ချန်ပီယံဆုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

"ပထမဦးဆုံးပြောချင်တာက ကျွန်တော့်ကို ၀ိုင်းဝန်းအားပေးပံ့ပိုးကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အဲ့ဒီအပြင် ဒီပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ပေးတဲ့ ကျွန်တော့်ရဲ့Trainer အပါအဝင် အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲနဲ့အတူ အဓိကပြောချင်တာက ကျွန်တော်တို့ အားလုံးစုစည်းညီညွတ်ရင် ငြိမ်းချမ်းရေးအပါအဝင် အရာအားလုံးကို ကျော်ဖြတ်အောင်မြင်နိုင်တယ်ဆိုတာပါပဲ။ ကျွန်တော့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့နေရာအတွက် ဆာလောင်နေဆဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုကတော့ အစပဲရှိပါသေးတယ်။"လို့ အောင်လအန်ဆန်က ပြောပါတယ်။ 

ချန်ပီယံသစ်အဖြစ် အောင်ပွဲခံမှာပါလို့ ပြောခဲ့တဲ့ ကန်ဟာဆီဂါဝါကို ယှဉ်ပြိုင်ပြီးနောက် ထမ်းစင်နဲ့ခေါ်ထုတ်သွားတာကို ပရိသတ်တွေ တွေ့မြင်ခဲ့ရပါတယ်။

ဇွန် ၂၉ တွင် ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်းနှင့် စိန်ခေါ်သူ ကန်ဟာဆီဂါဝါ ထိုးသတ်ခဲ့တဲ့ ONE: SPIRIT OF A WARRIOR ပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ယခင်ပွဲတွေနဲ့မတူဘဲ အချိန်ကြာမြင့်စွာ ထိုးသတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

"ဒီပွဲကပရိသတ်တွေအတွက်တော့ အကောင်းဆုံးပွဲပဲ။ နှစ်ယောက်လုံး ပြဲကွဲဖူးယောင်နေတာ။ သုံးချီလောက်ထိကို ဘယ်သူသာမှန်း မကွဲဘူး။ အောင်လ နိုင်မယ်ဆိုတာတော့ သိတယ်။ ဒါပေမယ့် ဒီနေ့ကစားတဲ့ ပြိုင်ဖက်စိတ်ဓါတ်ကိုကြိုက်တယ်။ သူက အကောင်းဆုံးအရှံူးသမားပဲ"လို့ ပွဲကြည့်ပရိသတ်တစ်ဦးက ပြောပါတယ်။

ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကို ဇွန် ၂၉ ရက် သောကြာနေ့ ညနေ ၆းဝဝ နာရီမှစတင်ကာ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ပြီး တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်ခဲ့ပါတယ်။

အောင်လအန်ဆန်းနှင့် ကန်ဟာဆီဂါဝါတို့၏ ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ၊ သြစတြေးလျမှ အဲလီယော့နှင့် အမေရိကန်မှ မက်သယူးတို့၏ စူပါစီးရီးပွဲ၊ အခြားပွဲများအပြင် မြန်မာကစားသမားနှစ်ဦးဖြစ်သည့် စောဒါဝိတ်နှင့် မိုက်ရိုင်းတို့ပွဲလည်း ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly