ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၀င်၊မဝင် အသိပေးထုတ်ပြန်သွားမည်

ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၀င်၊မဝင် အသိပေးထုတ်ပြန်သွားမည်

ဇွန် ၂၉။         ။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆွေးနွေးမှုများပြုလုပ်နေပြီး ရွေးကောက်ပွဲ ၀င်ခြင်း၊ မဝင်ခြင်းကို ဇူလိုင် ၄ ရက် ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ပြီးလျှင် အသိပေး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ဇွန်လ ၂၉ ရက် ဗဟန်းမြို့နယ်၊ သံလွင်လမ်း၊ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"၂၀၁၅တုန်းက ရှုံးခဲ့တယ်။ ရှုံးတဲ့အပေါ်မှာ စိုးရိမ်စိတ်ရှိလားဆိုတော့ လုံးဝမရှိဘူး။ ကျွန်တော်တို့ပါတီအနေနဲ့ အဲလို စိတ်ဓါတ် လုံးဝမရှိဘူး။ ကျွန်တော်တို့ စဉ်းစားတဲ့ထဲမှာ အခြားအကြောင်းအရာတွေရှိတယ်။ ဒါပေမယ့် မကြာပါဘူး။ တော်တော်လေးဆွေးနွေးတာ ခရီးရောက်နေပါပြီ။ အစည်းအဝေး ဆုံးဖြတ်ပြီးရင် သတင်းထုတ်ပြန် ပေးသွားမှာပါ" ဟု ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးပြုလုပ်ပြီး စဉ်းစားဆောင်ရွက်ရ မည့်အချက်အလက်များ ရှိနေသေးကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိ သူစာရင်းကို ဇူလိုင်လ ၉ ရက် မှ စပြီး ၂၂ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ လစ်လပ်လျှက်ရှိသည်။

အတိုက်အခံပါတီလည်း ဖြစ်သော ၊ အာဏာရ ပါတီလည်း ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဇွွန်လ ၂၉ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၁၃ ယောက်ကို အတည်ပြု ကြေညာခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့ပြီး ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် NLD အစိုးရလက်ထက် ဒုတိယအကြိမ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required