လုပ်ငန်းပါမစ်ချပေးရေးအပါအဝင် MIC လုပ်ငန်းများ မြန်ဆန်ရေး ဆောင်ရွက်သွားမည်

လုပ်ငန်းပါမစ်ချပေးရေးအပါအဝင် MIC လုပ်ငန်းများ မြန်ဆန်ရေး ဆောင်ရွက်သွားမည်
Photo-DICA

ရန်ကုန်၊ ဇွန် ၂၉ ။          ။ လုပ်ငန်းပါမစ်ချပေးရေးအပါအဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ လုပ်ငန်းစဉ်များ မြန်ဆန်စေရန် တစ်လလျှင်  ၂ ကြိမ် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

"MIC အနေနဲ့ ခေါင်းပိုင်းအပြောင်းအလဲလုပ်ပြီးပြန်လည်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဆက်လုပ်သွားမယ့်လုပ်ငန်းစဉ်တွေထဲမှာ ပထမဆုံးတစ်ချက်ကတော့ ပိုပြီးတော့ လုပ်ငန်းစဉ်တွေ မြန်မြန်ဆန်ဆန် ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဦးအောင်နိုင်ဦး က ပြောသည်။

MIC ၏ ဥက္ကဌနေရာအပြောင်းအလဲပြုလုပ်ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များကို မြန်ဆန်စွာဆောင်ရွက်ရန် ဦးစီးပေးလုပ်ဆောင်ရန် ရည်ရွယ်ထားပြီး ယခင်က တစ်လ ၁ ကြိမ်သာ အစည်းအဝေး လုပ်ခဲ့ခြင်း ဖြစ်သည်။

“ အရင်က MIC ရဲ့ ပါမစ်ချပေးရေး လုပ်ငန်းစဉ်ဟာ ခြောက်လကနေ ဒီထက်ပို အချိန်ကြာမြင့်တယ်လို့ တိုင်ကြားမှုတွေ ရှိနေပါတယ်။ MIC ပါမစ်ရော၊ MIC ထောက်ခံချက်ရေး လျှောက်ထားရေး လုပ်ငန်းစဉ်မှာ တင်းကြပ်တဲ့ အချိန်အကန့်အသတ်တွေကြောင့် ဖြစ်ပေါ်ရနေတဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ ခု ကျွန်တော်တို့ ကြိုးစားတော့မှာပါ။ လက်ရှိမှာ ဒီအတွက် ရက် ၆၀ လောက် အချိန်ပေးနေရတာကို ကျွန်တော် နားလည်ပါတယ်။ ဒါကို လျှော့ချသွားနိုင်ရေး ပြင်ဆင်နေပါပြီ။” ဟု MIC ဥက္ကဌ ၊ အစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ဇွန်လ ၂၂ ရက် ပြောကြားထားသေးသည်။

ယခင်က MIC သို့ အဆိုပြုလွှာတင်ပါက ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း အစည်းအဝေး၌ အဆုံးအဖြတ် ပေးရပြီး အဆိုပြုလွှာအားသဘောတူပါက ရက်ပေါင်း ၁၀ ရက်အတွင်း ခွင့်ပြုမိန့်များကို လုပ်ငန်းရှင်များသို့ ထုတ်ပေးရသည်။ အတည်ပြုလွှာအား ရက်ပေါင်း ၃၀ အတွင်း စီစစ်ပေးရပြီး သဘောတူလျှင် ၁၀ ရက်အတွင်း အတည်ပြုလွှာ ထုတ်ပေးရမည်ဖြစ်သည်။

"အဆိုပြုလွှာကို ရက်ပေါင်း ၆၀ သတ်မှတ်ထားသော်လည်းပဲ ၆၀ ထက်ပိုမြန်အောင်လုပ်ပါမယ်။ ဖြစ်နိုင်ရင် ၄၅ ရက် ရက် ၅၀ စသည်ဖြင့်ပေါ့ မြန်နိုင်သမျှမြန်အောင်လုပ်ပါမယ်။ အလားတူပဲ အတည်ပြုလွှာကို ရက်ပေါင်း ၃၀ သတ်မှတ်ထားပေမယ့် ၃၀ ထက် မြန်နိုင်အောင်လုပ်ပါမယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အတည်ပြုလွှာများ၊ အဆိုပြုလွှာခွင့်ပြုမိန့်များကို ထုတ်ပေးရာတွင်းလည်း ၁၀ ရက်အထိအချိန်မယူဘဲ လုပ်ဆောင် ပေးသွားမည်ဖြစ်ပြီး ၂ရက်အတွင်း လုပ်ဆောင်ပေးခဲ့ဖူးသည်များလည်း ရှိခဲ့ကြောင်း ၄င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags