၅၅ ကြိမ်မြောက်ရတနာပြပွဲတွင် ရောင်းချငွေ ယူရိုသန်း လေးရာကျော်ရရှိ

၅၅ ကြိမ်မြောက်ရတနာပြပွဲတွင် ရောင်းချငွေ ယူရိုသန်း လေးရာကျော်ရရှိ
ဓာတ်ပုံ-မင်းမင်း
 

နေပြည်တော်၊ ဇွန်လ ၂၉ ။            ။ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သော ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းတွဲ များမှ ရောင်းချရရှိငွေ စုစုပေါင်း ၄၂၇.၀၉၅သန်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၅၅ ကြိမ်မြောက်ရတနာပြပွဲကို ဇွန်လ ၂၀ရက်နေ့မှ ဇွန်လ၂၉ ရက်နေ့ထိ ၁၀ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ ကုပ္မဏီ ၃၉၂၄ ခုနှင့် ရတနာကုန်သည်စုစုပေါင်း ၅၁၂၈ဦး တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲစတင်သည့် ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ ပုလဲရတနာမှ ရောင်းချရန် အတွဲပေါင်း ၃၆၀ တင်ပြခဲ့ပြီး ၃၄၁တွဲ ရောင်းချခဲ့ရာ ယူရိုငွေကျပ် ၂.၅၉၈သန်းရရှိခဲ့သည်။ ထို့အတူဇွန် ၂၄ရက်မှ ၂၉ရက်နေ့အထိ ကျောက်စိမ်းအတွဲ ပေါင်း ၆၇၉၅ တွဲ တင်ပြခဲ့ပြီး ၅၂၅၉တွဲ ရောင်းခဲ့ရာ ယူရိုငွေကျပ်၄၂၃.၁၁၈ သန်း ရရှိခဲ့သည်။

ယခုနှစ် ရတနာပြပွဲတင် ကျောက်မျက်အတွဲပေါင်း ၃၃၆ တွဲတင်ပြခဲ့ရာ ရောင်းချရသည့်အတွဲသည် ၆၈ တွဲသာ ရှိခဲ့ပြီး ရောင်းချရရှိငွေယူရို ၁.၃၇၉ သန်း သာရရှိခဲ့သည့်အတွက်ကြောင့် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် နှစ်လည်ပြပွဲထက် ရောင်းအားတက်ခဲ့ပေမယ့် ယခင် ၅၄ကြိမ်မြောက် ပြပွဲက ရရှိခဲ့သည့် ရောင်းချမှုအောက် လျော့နည်းခဲ့ရတယ်လို့ ကျောက်မျက်ကော်မတီ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

“ဒီပွဲမှာတော့ သွေးပြီးသားနဲ့ ရွှေနဲ့လုပ်တဲ့ ကျောက်မျက်လော့အတွဲတွေ၊ အချောထည်အတွဲတွေကို ပိုပြိးတော့ တင်ပြခဲ့တယ်။ သို့သော်လည်းပဲ ရောင်းချရမှု အခြေအနေမှာတော့နည်းတယ်”ဟု ၄င်းကပြောသည်။

ထိုသို့လျော့နည်းရခြင်းသည် ယခုပြပွဲအတွင်း အချောထည် ကျောက်မျက်များကိုသာ ပိုမို ပြသထားခဲ့ပြီး အကြမ်းထည်များပြသထားမှုသည် လျော့နည်းခဲ့သည့်အတွက်ကြောင့်ဖြစ်ပြီး ၀ယ်ယူသူ ကုန်သည်များအနေဖြင့် အကြမ်းထည်များကိုသာ ပိုမို ကြိုက်နှစ်သက်သည့်အတွက်ဖြစ်ကြောင်း ၄င်းက ဆက်ရှင်းပြသည်။

ယခုပွဲသို့ လာရောက်ကြသူများထဲတွင် ယခင်ပွဲများက ကျောက်မျက်ရတနာများကို ၀ယ်ယူထားပြီး ငွေပေးချေ ရန် ပျက်ကွက်ခဲ့သူများကို ပြပွဲကျင်းပသည့် အကြိမ်အရေအတွက် အလိုက် ၀င်ရောက်ခွင့် ပိတ်ပင်ခံထားရသည့် ၉၀ ဦးထံမှ ပြပွဲဝင်ရောက်ခွင့် တစ်ကြိမ်လျှင် ယူရိုတစ်ထောင်နှုန်းဖြင့် ဒဏ်ကြေးငွေကျပ်သန်းပေါင်း ၂၇၆.၈၃ သန်း ရရှိခဲ့သည်။

 ထိုသူများကိုပြပွဲ တက်ရောက်ခွင့် ပိတ်ပင်ထားသည့်အကြိမ်များ ပယ်ဖျက်ပေးကာ ရရှိသည့် ငွေများကို ပြပွဲ ဗဟိုကော်မတီမှပြပွဲအတွက် လိုအပ်သော အခြေခံ လိုအပ်ချက်များတွင် အသုံးပြုသွားမည်ဟု ပြပွဲကျင်းပရေး ကော်မတီ ဒုတိယဥက္ကဌ ဦးသန်းဇော်ဦးကပြောသည်။

ယခုပြပွဲတွင်မူ ၀ယ်ယူမည့် ရတနာကုန်သည်များအနေဖြင့် မိမိ ၀ယ်ယူလိုသည့် ပစ္စည်းများ၏ တန်ဖိုးများအလိုက် “ကျွန်တေ်ာတို့က ဆယ်ရာခိုင်နှုန်းကောက်ထားတယ်။ ပြစ်ဒဏ်မချတော့ဘူး” ဟု ၄င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly