‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ မရမချင်း ဆက်တောင်းဆိုမည်ဟု ဒေါက်တာဆလိုင်လျန်မှုန်းဆာခေါင်းပြော

‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ မရမချင်း ဆက်တောင်းဆိုမည်ဟု ဒေါက်တာဆလိုင်လျန်မှုန်းဆာခေါင်းပြော
ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း အဖွင့်မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၂၉ရက်၊ ၂၀၁၈ ခုနှစ်)။        ။ တိုင်းရင်းသားများအနေဖြင့် အခြေခံမူ  ၃ ရပ်ဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆက်လက်ကိုင်စွဲကာ မရမချင်း တောင်းဆိုသွားမည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောဆိုလိုက်သည်။

“ဒီအခြေခံမူတွေက ကျွန်တော်တို့ ဒီပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံမူတွေပဲ ဖြစ်တဲ့အတွက် နှစ်ပေါင်း ၅၀ ကြာသော်လည်း ယခုအချိန်မှာ ဒီမူတွေကိုပဲ ကျွန်တော်တို့ ပြန်ပြီး တောင်းဆိုနေရပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ ဒီမူတွေ မရမချင်း ဆက်လက် တောင်းဆိုနေရမှာပဲ ဖြစ်ပါတယ်” ဟု တိုင်းရင်းသားအစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ဇွန်လ ၂၉ရက်က ကျင်းပသည့် ၁၅ကြိမ်မြောက် UPDJC အစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားများ တောင်းဆိုသည့် အခြေခံမူ သုံးချက်တွင် ပါဝင်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များ အပေါ် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးခဲ့ သော်လည်း ပြေလည်မှု မရရှိသေးပေ။

ထို့ကြောင့် လာမည့် ဇူလိုင်လအတွင်း ကျင်းပရန် ရှိနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးတွင်လည်း အဆိုပါကိစ္စရပ်များကို ချန်လှပ်ကာ အခြားအခြေခံမူများကိုသာ ဆွေးနွေးကြမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့သည့် ဒုတိယအကြိမ်အစည်းအဝေး တွင် အကျပ်အတည်းဖြစ်ခဲ့သည့် တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုင်ရာ ကိစ္စရပ်များ ၊ ခွဲမထွက်ရေး ကိစ္စရပ်များကို ယခုအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခြင်း ပြုလုပ်မည် မဟုတ်ဘဲ ၂၁ ရာစု ပင်လုံ အစည်းအဝေး ပြီးမှသာ ဆက်လက်ဆွေးနွေးရန် သဘောတူညီထားကြောင်း ဇွန်လ ၂၅ ရက်က မီဒီယာများကို ဖြေဆိုထားသည်။

 “ကျွန်တော်တို့အနေနဲ့ ဒီပြည်ထောင်စုထဲက ခွဲထွက်ရေးကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ ခွဲထွက်ခြင်းကို မည်သည့် အချိန်အခါတုန်းကမှလည်း ကျွန်တော်တို့ တိုင်းရင်းသားများက တောင်းဆိုခဲ့ဖူးတာ မရှိပါဘူး” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး ၊ စီးပွားရေး၊ မြေယာကဏ္ဍ နှင့် လူမှုရေးကဏ္ဍ စသည့် ကဏ္ဍ ၅ ခုကို ဆွေးနွေးကြမည်ဟု သတ်မှတ်ထားသည်။

အစိုးရအစုအဖွဲ့မှ UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကမူ “နိုင်ငံအတွက် အရေးကြီးနေတဲ့ ဖက်ဒရယ်မူဝါဒ ချမှတ်ဖို့ တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်း ပြုလုပ်ပြီးတော့ သဘောတူညီချက်တွေ ရဖို့ နိုင်ငံရေး အခင်းအကျင်းရရှိအောင် ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း ကျွန်တော် မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား တက်ရောက်ရန် ဖိတ်ကြားရေး အစိုးရနှင့် တပ်မတော်ကြားညှိနှိုင်းရဦးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားသည်။

၂၁ ရာစုပင်လုံအစည်းအဝေးကို ယခင်ကျင်းပစဉ်က ငါးရက်တာ ပြုလုပ်လေ့ရှိပြီး ယခုကျင်းပမည့် အစည်းအဝေးကိုမူ လေးရက်ကျင်းပရန် ရည်ရွယ်ထားကြောင်း UPDJC အစည်းအဝေးအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required