အသိုင်းအဝိုင်းနှစ်ဖက်စလုံး အကြမ်းဖက်မှုခံခဲ့ရတယ်ဆိုတဲ့အချက်ကို နားလည်နိုင်ခဲ့ဟု ICRC ဥက္ကဋ္ဌ ပြော

အသိုင်းအဝိုင်းနှစ်ဖက်စလုံး အကြမ်းဖက်မှုခံခဲ့ရတယ်ဆိုတဲ့အချက်ကို နားလည်နိုင်ခဲ့ဟု ICRC ဥက္ကဋ္ဌ ပြော
Photo-EPA

စစ်တွေ၊ ဇွန်လ ၂၈ ရက် ။          ။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သြဂုတ်လဖြစ်စဉ်နှင့်ပတ်သက်ပြီး အသိုင်းအဝိုင်းနှစ်ဖက်စလုံး အကြမ်းဖက်မှုခံခဲ့ရတယ်ဆိုတဲ့ အချက်ကို အပြန်အလှန် နားလည်နိုင်ခဲ့တယ်လို့  ICRC ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းတွေကို လေ့လာကြည့်ရှုတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mr Peter Maurer ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် ဇွန်လ ၂၈ ရက်နေ့မှာ ပြီးဆုံးပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ ICRC ရဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေအပေါ်မှာ နားလည်မှုလွဲနေတာကို ရှင်းလင်းနိုင်ခဲ့တဲ့အပြင် အကြမ်းဖက်မှုဖြစ်စဉ်အတွင်းမှာ အသိုင်းအဝိုင်းနှစ်ဖက်စလုံးဟာ အကြမ်းဖက်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့အချက်ကို အပြန်အလှန် နားလည်မှုရရှိခဲ့တယ်လို့ Mr Peter Maurer က ပြောခဲ့တာပါ။

ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီခန့်က နေပြည်တော်သို့ မထွက်ခွာမှီ ရခိုင်ပြည်နယ် အခြေစိုက်သတင်းသမားတွေနဲ့ စစ်တွေလေဆိပ်မှာ တွေ့ဆုံစဉ် ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပြီး အဲဒီနောက် Air KBZ လေကြောင်းနဲ့ ထွက်ခွာသွားပါတယ်။

ICRC  ဥက္ကဋ္ဌဟာ ရခိုင်ပြည်နယ်ကို ဇွန်လ ၂၆ ရက်နေကနေ ၂၈ ရက်နေ့အထိ ၃ ရက်တာလာရောက်တာဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမကို ၂ ရက်တာ သွားရောက်ကာ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

Mr Peter Maurer ဟာ လူသားချင်းချင်းစာနာထောက်ထားမှုအကူညီတွေ လိုအပ်လျှက်ရှိကြတဲ့ ရခိုင်၊ ဟိန္ဒူနှင့် မူဆလင်စတဲ့ ရပ်ရွာအသိုင်းအဝိုင်းများနှင့်တကွ အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေမှ နေပြည်တော်သို့သွားကာ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အပါအဝင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့လည်း တွေဆုံးသွားဖို့ရှိတယ်လို့ အဲဒီအဖွဲ့သားတွေက ပြောပါတယ်။

ICRC ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မြောက်ဦး၊ မောင်တောမြို့တွေမှာ ရုံးအသီးသီးဖွင့်လှစ်ပြီးတော့ အကြမ်းဖက်မှုနှင့် အခြားဘေးအန္ဒရာယ်တွေကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက်ထိခိုက်ခံရသူများရဲ့ ဘဝအခြေအနေတွေကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်က တင်ကာ လူသားချင်းစာနာထောက်ထားတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိနေတာဖြစ်ကြောင်း လည်း ICRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required