ရေတီရှာဖွေပြီး အသက်မွေးဝမ်းကျောင်းသူများ

ရေတီရှာဖွေပြီး အသက်မွေးဝမ်းကျောင်းသူများ

ဇွန်လ ၂၈ ။          ။ မိုးရွာနေတဲ့အချိန် ချောင်းထဲမှာအလုပ်လုပ်နေတဲ့ သူကတော့ ကိုအောင်သူ ပါ။ မိုးတွင်းပိုင်းဆိုရင် ရေအောက်နွံ ထဲမှာရှိတဲ့ ရေတီတွေကို အခုလို စမ်းပြီး ရှာနေရတာပါ။ သူဟာ ငမိုးရိပ်ချောင်းနဲ့ အနီးနားရှိ ချောင်းတွေမှာ ရေတီ ရှာလာတာ ၂ နှစ်နီးပါးရှိနေပါပြီ။

 “မိုးရာသီမှာရေငုပ်ပြီးရှာရတယ်ဆိုတော့ အောက်မှာ နွံတွေက စုနေတယ်။ ရပ်ကွက်ထဲကဆင်းတဲ့ အမှိုက်သရိုက်တွေ၊နွံရေတွေကအောက်မှာစုနေတဲ့အခါကျှတာ့ အဲကောင်တွေကို (ရေတီ) ကျနော်တို့ ကောက်ထည့်ရတယ်။ ပြီးတော့မှ ကမ်းနားစပ် ပြန်ယူသွား၊ ဆေးကြေပြီးမှ အိတ်ထဲထည့်ပေါ့”လို့ ကိုအောင်သူက ပြောပါတယ်။

သူတို့ ရှာနေတာကတော့ အလှမွေးငါးတွေကို ကျွေးတဲ့ ရေတီဖြစ်ပါတယ်။ ရေတီတွေကို ချောင်းနဲ့ မြောင်းဘေးမှာ ရှာရတာပါ။ မိုးတွင်းဆိုရင် ရေကြီးလာတဲ့တွက် ရေတီရှာတဲ့သူတွေဖို့ ပိုပြီး အန္တရာယ်များတယ်လို့ ပြောပါတယ်။

 “တစ်ဦးတစ်ယောက်တည်း သွားတဲ့အခါကျတော့ ကိုယ့်အိမ်စားဖို့အတွက်ကို လုံးပမ်းနေရတယ်။ ကိုယ် ့ ပိုက်ဆံ ဒီနေ့ တစ်သောင်း နှစ်သောင်း မပါသွားရင် မိသားစုအဆင်မပြေဘူး။ အဲဒီအတွက် ရေငုပ်ပြီးရှာရင် အသက်အန္တရာယ်ကိုသတိမထားမိဘူး။ လူအများနဲ့အခါကျတော့ တစ်ယောက်က ငုပ်ရင် တစ်ယောက်က ပေါ်နေတဲ့အခါကြတော့ အချက်ပြလို့ရတယ်။

သူ့လိုပဲ ငမိုးရိပ်ချောင်းနဲ့ အနီးတဝိုက်မှာ ရေတီရှာပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့သူတွေ ၂၀၀ နီးပါး ရှိနေပါတယ်။

တချို့ဆိုရင် ရေတီရှာရင်းနဲ့ အသက်ဆုံးရှုံးသွားတဲ့ သူတွေ ရှိနေတယ်လို့ ရေတီရှာသူတွေက ပြောပြပါတယ်။

ရှာလို့ရလာတဲ့ ရေတီတွေကို အလှမွေးငါး ကျွေးဖို့ဆိုရင် အဆင့်ဆင့် ဆေးကြောရပါတယ်။ ရေတီတွေကို နို့ဆီဗူးတစ်ဗူးလျှင် ကျပ် ၉၀၀ ကနေ ၁၀၀၀ ထိ ရောင်းချလို့ရပါတယ်။

ရေတီရှာတဲ့အလုပ်ဟာ အန္တရာယ်များပေမယ့် ဝင်ငွေကောင်းတာကြောင့် ဒီအလုပ်ကိုပဲ ဆက်လုပ်ကိုင်နေကြ ပါတယ်။ ငါးအလှမွေးဆိုင်တွေက်ိုကလည်း ငါးစာအတွက် ရေတီကို အဓိက ဝယ်ယူကြပါတယ်။ ဒီဆိုင်မှာဆိုရင် အလှမွေးငါးတွေကို ရေတီ အဓိကကျွေးနေတယ်လို့ ပြောပါတယ်။

အစာခြောက်တွေဟာ သဘာဝမှရရှိတဲ့ အစာမဟုတ်တဲ့အတွက် ငါးကြီးထွားမူနူန်း နှေးကွေးတယ်လို့ အလှမွေးငါး ဆိုင်ပိုင်ရှင် ဦးထွန်းထွန်းက ဆက်ပြောပါတယ်။

ကိုအောင်သူကတော့ ရေတီရှာတဲ့အလုပ်ဟာအလှမွေးငါးတွေအတွက် အစာရှာပေးတဲ့ အလုပ်ဖြစ်သလို ရေမြောင်းတွေကို သန့်ရှင်းပေးတဲ့အလုပ် ဖြစ်တာကြောင့် ကုသိုလ်ရတဲ့ အလုပ်တစ်ခုလို့ ခံယူထားတာပါ။

ဒီအလုပ်ကို လုပ်နေရပေမယ့် သူ့ရဲ့ အနာဂတ်မျှော်လင့်ချက်ကတော့  အရင်းအနှီးလေးရလာရင် ကိုယ်ပိုင်စျေးဆိုင်လေးဖွင့်ဖို့ မျှော်လင့်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly