ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၉ ရက်နေ့တွင် ကြေညာပေးသွားမည်

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၉ ရက်နေ့တွင် ကြေညာပေးသွားမည်

ရန်ကုန် ၊ ဇွန် ၂၈ ။          ။ နိုဝင်ဘာ ၃ ရက်နေ့၌ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းကို ဇူလိုင်လ ၉ ရက် မှ စပြီး ၂၂ ရက်နေ့အထိ သီတင်းပတ် နှစ်ပတ်ကြာ   ကြေညာပေးထားမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာထားသည်။

ယင်းကြေညာချက်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံး များသို့ သွားရောက်ပြီး မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိမရှိ ကြည့်ရှုပေးရန် ကော်မရှင်ဘက်က ပန်ကြားထားသည်။

မဲဆန္ဒရှင်များအနေဖြင့် တစ်အိမ်ထောင်လျှင် အနည်းဆုံး တစ်ယောက် လာရောက်ကြည့်ရှုပြီး ကူညီပူးပေါင်း ဆောင်ရွက်မှသာ ပြည့်စုံမှန်ကန်သည့် မဲစာရင်းများ ရရှိမည်ဖြစ်သည်ဟု ကော်မရှင်ဘက်မှ မေတ္တာရပ်ခံထားသည်။

ကော်မရှင်မှ မဲဆန္ဒရှင်များစာရင်းကို နှစ်ကြိမ် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ဇူလိုင်လတွင်ထုတ်ပြန်သည့် ပထမအကြိမ် စာရင်း၌ နာမည်စာရင်းမပါလျှင် ပုံစံ(၃) ဖြင့် မဲစာရင်း၌ ထည့်သွင်းရန် ၊ မပါဝင်သင့်သူများ ပါဝင်နေလျှင် ပုံစံ(၄) ဖြင့် ကန့်ကွက်နိုင်ကြောင်း ၊ အချက်အလက်များမှားယွင်းနေလျှင် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်နိုင်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းသို့ ပြင်ဆင်၊ ဖြည့်စွက် ၊ ပယ်ဖျက်ထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာအတွင်း၌ ဒုတိယအကြိမ် ၁၄ ရက်ကြာ ကြေညာပေးသွားမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ တာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။

၂၀၁၅ ရွွေးကောက်ပွဲတွင်  ပြုစုထားသည့် စာရင်းများအရ ယင်းလစ်လပ်မဲဆန္ဒနယ်နေရာများတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် ၈ သိန်းကျော်ခန့် ရှိနေသည်။

ယခုကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်အတွင်း ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required