အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )

 

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခင်အစိုးရအဆက်ဆက်တို့၏ ဗဟိုချုပ်ကိုင်မှုစနစ်များကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေသည်။ ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေ (စစ်အာဏာရှင်အစိုးရမှ အရပ်သား တစ်ပိုင်း အစိုးရ၊ ထို့နောက် အရပ်သားအစိုးရဦးဆောင်သည့် အုပ်ချုပ်မှုစနစ်) နှင့်အညီ စီးပွားရေးကဏ္ဍအတွက် ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းအသစ်များပြဋ္ဌာန်းကာ စီးပွားရေးဆိုင်ရာဖြေလျှော့မှုများကို ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စတင်ဆောင်ရွက်လာခဲ့သည်။ သို့ရာတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ နာတာရှည်စီးပွားရေးပြဿနာအချို့ (ဥပမာ-ဆင်းရဲမွဲတွေမှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ကုန်စျေးနှုန်းမြင့်မားမှု) ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင်သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရအဖွဲ့သည် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဖော်ဆောင်လျက်ရှိသည်။ သို့ရာတွင်  အများပြည်သူ မျှော်လင့်ထားသလောက် ခရီးမပေါက်သည်ကို တွေ့ရှိ ရပါသည်။

ဦးထင်ကျော်ဦးဆောင်သည့် အရပ်သားအစိုးရတက်လာပြီး (၄) လအကြာတွင် အခြေခံမူ (၁၂) ချက်ပါဝင်သော မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒကို ချပြခဲ့သည်။ ယင်းမူဝါဒသည် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်စီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ဦးတည်ပြီး စီးပွားရေးကဏ္ဍ များစွာကို လွှမ်းခြံုထားသည်။ ထိုမူဝါဒများသည် စျေးကွက်စီးပွားရေးနှင့် စီးပွားရေးလွတ်လပ်မှုတို့ကို အားပေး သော မူဝါဒများဟု အကောင်း ရှုမြင်ပေးသူများ ရှိသကဲ့သို့ ယေဘုယျဆန်ပြီး သေချာရေရာမှုမရှိသော မူဝါဒများ ဟု ဝေဖန်သူများလည်းရှိသည်။ အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်း အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ (SMEs) မြှင့်တင်ရန် စီးပွားရေးဆိုင်ရာဖြေလျှော့မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ နှေးကွေးနေပြီး စီးပွားရေး တိုးတက်မှုအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။ ထို့နောက် နှစ်နှစ်ခန့်အကြာ၌ အချက် (၂၃၈)ချက်ပါ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်(အတိအကျဆိုသော် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အကောင်အထည် ဖော်ရေးအစီအစဉ်) ကို ထုတ်ပြန်ခဲ့သည်။ ထိုအစီအစဉ်ကို ခြံုငုံကြည့်လျှင် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ချမှတ်ထားသော လုပ်ငန်းကဏ္ဍအလိုက် စီမံကိန်းများနှင့် လုပ်ငန်းအစီအစဉ်များသည် တစ်နိုင်ငံလုံး

ဖွံ့ဖြိုးရေးကိုသာ ဦးတည်ထားပြီး ဖက်ဒရယ်စနစ်အားဖြင့် အစိုးရအဖွဲ့များအကြား(ပြည်ထောင်စုနှင့်ပြည်နယ်များ) လုပ်ပိုင်ခွင့်အာဏာ ခွဲဝေမှုများကို လုံးဝနီးပါး ထည့်သွင်းချမှတ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ ဦးထင်ကျော်ဦးဆောင်သည့် အရပ်သားအစိုးရ တက်လာသည့်တိုင် နိုင်ငံအတွင်း ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေပြီး ပြည်တွင်းငြိမ်းချမ်းရေးသည် အချို့သော တိုင်းရင်းသားနယ်မြေများ အတွက် အလှမ်းဝေးနေဆဲဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာများကို စစ်ရေးနည်း လမ်းထက် နိုင်ငံရေးနည်းလမ်းများ (တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နည်းလမ်းများ) ဖြင့် အဖြေရှာရန် ယခင်အစိုးရ လက်ထက်ကပင် ကြိုးပမ်းလာခဲ့ သော်လည်း တိုင်းရင်းသားများ လိုလားသော ရလဒ်ကောင်းများ မရရှိသေးပေ။ ငြိမ်းချမ်းရေး တည်ဆောက်ရေး၏ ပထမအဆင့်အနေဖြင့် နိုင်ငံတစ်ဝန်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) ကို သက်ဆိုင်ရာအစုအဖွဲ့များက လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (FPD) ချမှတ် ကာ ထိုမူဘောင်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားရန် ဖြစ်သည်။ ထို့နောက် တတိယ အဆင့် အနေ ဖြင့် နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အကောင်အထည်ဖော်ဆောင်သွားရန် ဖြစ်သည်။ သို့ရာတွင် လက်တွေ့တွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ထိုသို့ တစ်ဆင့်ချင်းသွားသည့် ပုံစံနှင့် သွေဖီနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၂၁) ခုရှိသည့်အနက် လက်ရှိတွင် (၁၀) ဖွဲ့သာ NCA ထိုးထားသည်။ လက်ရှိအစိုးရသည် NCA မထိုးရသေးသည့် အဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းမှုများရှိသော် လည်း တိုးတက်မှု အခြေအနေမှာ ရေရာမှုမရှိသည့်အပြင် NCA ထိုးထားပြီးသော အဖွဲ့အချို့နှင့်လည်းလက်နက် ကိုင် ပဋိပက္ခများ ရံဖန်ရံခါ ပြန်လည်ဖြစ်ပွားနေသဖြင့် NCA သည် ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိသော လမ်းကြောင်းတစ်ခုဟု မှတ်ယူရန် ခက်ခဲစေသည်။ ထို့ကြောင့်လည်း NCA မဟုတ်သည့် အခြားသော လမ်း ကြောင်း များကို ရှာဖွေဖော်ထုတ်သွားရန် ၂၀၁၇ ခုနှစ်တွင် တိုုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းအချို့က ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က အဆို ပြုခဲ့သည်။ NCA ပြင်ပလမ်းကြောင်းများသည် မည်သို့သော လမ်းကြောင်းများ ဖြစ်သည်မှာ စိတ်ဝင်စားစရာ ကောင်းပြီး ဆက်လက်စောင့်ကြည့်လေ့လာရမည် ဖြစ်သည်။

လက်ရှိသွားနေသော NCA လမ်းကြောင်းကို အကျဉ်းချုံးပြီး ဖော်ပြသွားမည်။ NCA ပါ နိုင်ငံရေးလမ်းပြမြေပုံအရ  NCA ထိုးပြီးလျှင် FPDရေးဆွဲပြီး FPD နှင့်အညီ   နိုင်ငံရေးဆွေးနွေးပွဲများကို   ပြည်နယ်အဆင့်နှင့်ပြည်ထောင်စု အဆင့် ကျင်းပသွားရန်ဖြစ်သည်။ FPD ပါ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲများ (ပြည်နယ်နှင့် ပြည်ထောင်စု အဆင့်) တွင် ဆွေးနွေးမည့် အကြောင်းအရာများကို   နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြံုရေး၊ မြေယာနှင့်သဘာဝသယံဇာတဆိုင်ရာ မူဝါဒကိစ္စရပ်များဟူ၍ ကဏ္ဍကြီး (၅) ရပ်အားဖြင့် ခွဲခြားထားသည်။ ထိုကဏ္ဍကြီး (၅) ခုနှင့် စပ်လျဉ်းသည့်   ခေါင်းစဉ်ခွဲများကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဆွေးနွေးညှိနှိုင်းပြီး ချမှတ်ပေးသည်။

၂၀၁၆ ခုနှစ်တွင် ဦးထင်ကျော်ဦးဆောင်သော NLD အစိုးရတက်လာသောအခါ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် “နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်   ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းပြမြေပုံ” ကို ချမှတ် ခဲ့သည်။ ထိုလမ်းပြမြေပုံတွင် အဆင့် (၇) ဆင့်ပါပြီး အဆင့် (၃) တွင် ဆက်လက်အတည်ပြုပြီးသော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ကျင်းပခြင်းပါဝင်သည်။ လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၂) ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့မှ စက်တင်ဘာလ (၃) ရက်နေ့အထိ (၄) ရက်ကြာကျင်းပခဲ့သည်။ အစိုးရ၊လွှတ်တော်၊တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပါဝင်သင့်ပါဝင်ထိုက်သောပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အဆိုပြုစာတမ်းစုစုပေါင်း (၇၂) စောင်ကို ဖတ်ကြား တင်သွင်းခဲ့သည်။ စာတမ်း အများစုတွင် ပင်လုံစာချုပ်သမိုင်းကြောင်း၊ နိုင်ငံရေးတန်းတူရေးနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာအာဏာခွဲဝေမှုတို့ကို တင်ပြဆွေးနွေးထားသည်။ စာတမ်းအချို့၌သာ စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒများ ပါရှိပြီး စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန်၊ မျှတပြီး ထိရောက်မှုရှိသော အခွန်စနစ်တစ်ခု တည်ဆောက်ရန်၊ သဘာဝသယံဇာတဝင်ငွေများကို ခွဲဝေရန်၊ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ရန် စသည့်ယေဘုယျဆန်သော စီးပွားရေး ဆိုင်ရာ အဆိုပြုမူဝါဒများ ပါဝင်သည်။ ပထမအကြိမ်အစည်းအဝေးကို စာတမ်းတင်သွင်းဖတ်ကြားခြင်းဖြင့်သာ ကျင်းပခဲ့ပြီး အဆိုပြုချက်များအပေါ် ဆွေးနွေးညှိနှိုင်းမှုမရှိသဖြင့် ဖက်ဒရယ်မူဝါဒဆိုင်ရာ ရလဒ်များ မထွက်ပေါ် ခဲ့ပေ။ သို့ရာတွင် ညီလာခံကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သဖြင့် အစုအဖွဲ့ အသီးသီး၏ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောထားဆန္ဒများကို တစ်နိုင်ငံလုံးက သိခွင့်ရခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ မေလ (၂၄) ရက်နေ့မှ(၂၉) ရက်နေ့အထိ (၆) ရက်ကြာ ကျင်းပခဲ့သည်။ ဒုတိယအကြိမ်အစည်းအဝေးထူးခြားချက်မှာ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပခြင်းမပြုမီ ပြည်နယ်/တို်င်းဒေသကြီးအချို့တွင် လူမျိုးနှင့် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ထွက်ရှိလာသော ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များကို UPDJC ၏ အလုပ်အဖွဲ့များသို့ တင်သွင်းခွင့်ရခဲ့သည်။ ထို့နောက် ထိုအလုပ်အဖွဲ့များ၏ စိစစ်မှုများမှတစ်ဆင့် ထွက်ပေါ်လာသော မူဝါဒအဆိုပြုချက်များကို ပြည်ထောင်စု အဆင့်တွင် ဆွေးနွေးညှိနှိုင်းကြသည်။ UPDJC အလုပ်အဖွဲ့သို့ စုစုပေါင်း စာတမ်း (၈) စောင် တင်းသွင်းခဲ့သော်လည်း စာတမ်းအချို့၌သာ စီးပွားရေးကဏ္ဍ အဆိုပြုချက်များ ပါဝင်သည်။ ဒုတိယအကြိမ် အစည်းအဝေးတွင်တင်သွင်းခဲ့သော အဆိုပြုချက် (၄၅) ချက် အနက် (၃၇) ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၁) အဖြစ် ညီလာခံတက်ခဲ့သော အစု အဖွဲ့အသီးသီး၏ ကိုယ်စားလှယ်များက သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ စီးပွားရေးကဏ္ဍတွင် သဘော တူညီချက် (၁၁) ချက် ရရှိခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ ဒုတိယအကြိမ်အစည်းအဝေးမှ ရလဒ်များ (သဘောတူညီချက် ၃၇ ချက်) ထွက်ပေါ်လာသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်နှင့် ရလဒ်များမှာ အငြင်းပွားစရာနှင့် ဝေဖန်စရာများ ဖြစ်ခဲ့သည်။ ညီလာခံတွင်ပါဝင်သင့်ပါဝင်ထိုက်သော အစုအဖွဲ့များအာလုံး ပါဝင်ခွင့် (ဥပမာ - NCA မထိုးရသေး သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်ခွင့်) မရခဲ့သဖြင့် သဘော တူညီချက်သည် အားလုံးကို ကိုယ်စားပြုမှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထူးခြားချက်တစ်ခုမှာ ညီလာခံ (အထူးသဖြင့် နိုင်ငံရေးကဏ္ဍဆွေးနွေးမှု) အတွင်း တင်းမာမှုများရှိခဲ့သဖြင့် ညီလာခံကျင်းပသည့်ရက်ကိုတစ်ရက် ထပ်တိုးပြီး ကျင်းပခဲ့ရသည်။ ထို့အပြင် ရရှိလာသော ကဏ္ဍအလိုက် သဘောတူညီချက်များတွင် “ဖွဲ့စည်းပုံနှင့် အညီ” စကားရပ်ပါရှိပြီး ထိုစကားရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ မူဘောင်ကို ရည်ညွှန်းနေခြင်းဖြစ်ရာ ဖက်ဒရယ် ပြည်ထောင်စုကို ဖွဲ့စည်းပုံအောက်တွင် ပုံဖော်သွားမည့် သဘောရှိသည်။ ထို့အပြင် သဘောတူညီချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အချို့နှင့် များစွာဆင်တူနေသည်ကို တွေ့ရသဖြင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများ သိသာထင်ရှားစွာ တိုးလာခြင်းမရှိသည်ကို သုံးသပ်နိုင်ပါသည်။

ဒုတိယအကြိမ်အစည်းအဝေးရလဒ်ကို မကြာသေးမီက (၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့) ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြီး ဖြစ်သော်လည်း ထိုသဘောတူညီချက်များကို မည်သည့်အချိန်တွင် အကောင် အထည်ဖော်သွားမည်ကို မသိရသေးပေ။ ထို့ပြင် ဆက်လက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးများမှာလည်း တိုင်းရင်းသား ပြည်သူများ လိုလားသော ရလဒ်ကောင်းများ ထွက်ပေါ်လာရန် စိန်ခေါ်မှုများစွာ ရှိနေသည်။ NCA ထိုးထားပြီးသော အဖွဲ့များသည် နောင်လာမည့် အစည်းအဝေးများအတွက်   ပြည်သူလူထုနှင့်တွေ့ဆုံပြီး   ပြည်နယ်အဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခွင့်နှင့်ပတ်သက်၍ အကန့်အသတ် များရှိနေချိန်၌ လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် တပ်မတော်ကြား တိုက်ပွဲ များ မကြာခဏ ပြန်လည်ဖြစ်ပွားနေသည်။ ထို့ကြောင့် NCA လမ်းကြောင်းတွင် ပါဝင်နေသည့် အစုအဖွဲ့များ၏ နိုင်ငံရေးဆန္ဒပြည့်ဝမှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။  ။

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )

  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )

Mizzima Weekly