ဆင်ဖြူကျွန်းတွင် အလောင်းဖျောက်ဖျက်မှုအတွက် အမှုမှန်ပေါ်ပေါက်နိင်ရေးဟုဆိုကာ ရှင်းလင်းပွဲပြုလုပ်

ဆင်ဖြူကျွန်းတွင် အလောင်းဖျောက်ဖျက်မှုအတွက် အမှုမှန်ပေါ်ပေါက်နိင်ရေးဟုဆိုကာ ရှင်းလင်းပွဲပြုလုပ်
 ကျန်ရစ်သော မိသားစုက ယနေ့ ဇွန်လ ၂၆ရက်နေ့ နေ့လယ်ပိုင်းက ၎င်းတို့၏အိမ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။

ဆင်ဖြူကျွန်း၊ ဇွန်လ ၂၆ ။           ။ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ပိုးအနောက်ရပ်ကွက်နေ ကျန်ရစ်သူမိသားစုက ယနေ့ ဇွန်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက သားဖြစ်သူသေဆုံးခဲ့သော အလောင်းဖျောက်ဖျက်မှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက်ဟုဆိုကာ ၎င်းတို့၏ အိမ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ည ၉နာရီခန့်က သားရဲ့ သူငယ်ချင်းနှစ်ယောက် လာခေါ်ကြတယ်၊ အရင်ကလည်း လာခေါ်နေကျပါ။ သားက သူ့သူငယ်ချင်းတွေ့နဲ့ အပြင်ထွက်ခါနီး အမေ သားက ကောင်းထက်အောင်အိမ်မှာ ဒီည အိပ်မယ်လို့ ပြောပါတယ်၊ မနက်ကျတော့ ကောင်းထက်အောင်က အိမ်လာပြီး ကျွန်မသားကို မေးပါတယ်။ ညက သားပြောတာ သူ့သူငယ်ချင်းအိမ်မှာ အိပ်မယ်ပြောသွားပြီး ဇွန်လ ၂၁ရက်နေ့ မနက်ရောက်တော့ သူ့ သူငယ်ချင်းက ကျွန်မအိမ်ကို သားရှိလား လာမေးတော့ သံသယဝင်ပြီး လိုက်ရှာတယ်” ဟု သေဆုံးသူ ဝေယံထက်၏ မိခင် ဒေါ်အေးအေးသင်းက ပြောသည်။

နောက်နေ့ ဇွန်လ ၂၂ ရက် နေ့လည် ၂ နာရီခန့်တွင် မြောင်းဘောင်ရွာနှင့် ချောင်းကောက်ရွာကြားရှိ စလင်းချောင်း၌ အလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသော ဝေယံထက်၏ အလောင်း ဖြစ်နေကြောင်း သိရသည်။

ရဲစခန်းမှူး စစ်ဆေးချက်အရ ဝေယံထက်အပါအဝင် သူငယ်ချင်း ၃ယောက်  ဆိုင်ကယ် ၁ စီးအတူစီးရာမှ ဆိုင်ကယ်မှောက်ရာ၌ ဝေယံထက်မှာ ဒဏ်ရာရသေဆုံးသွားသဖြင့် အလောင်းအား စလင်းချောင်းထဲသို့ ပစ်ချခဲ့ကြောင်းဟု ဆိုကြောင်း သိရသည်။

သေဆုံးသူ၏ မိခင်က အဆိုပါပြောကြားချက်ကို ရိုးသားမှုမရှိဟု ယူဆကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

“ အရပ်ထဲက သူ့သူငယ်ချင်းနဲ့ဆင်ဖြူကျွန်းစခန်းမှရဲတစ်ယောက်က လာခေါ်လို့လိုက် သွားတာပါ။ ဘယ်လို အငြိုးနဲ့များ လုပ်သလဲ မပြောတတ်ဘူး။ သူတို့ပြောတာကတော့ ဆိုင်ကယ်မှောက်တယ်လို့ ပြောတာပဲ။ ကျွန်မ အထင်တော့ ဆိုင်ကယ်မှောက်တယ်လို့ မထင်ပါဘူး။ သူတို့ချင်းစကားများပြီး ဝိုင်းလုပ်လို့ သေဆုံးတယ်လို့ ထင်ပါတယ်။ ဆိုင်ကယ် မှောက်တယ်ဆို အိမ်ကိုလာပြောလှည့်ပေါ့။ ခုတော့ အလောင်းကို ချောင်းထဲ ပစ်ထားခဲ့တယ်။ ဒါဟာ ရိုးသားမှု မရှိဘူး။ ကလေး သေဆုံးတဲ့ကိစ္စကို အမှန်တရားအတိုင်းပဲ ဖြစ်စေချင်ပါ တယ်” ဟု သေဆုံးသူ၏ မိခင်က ဆိုသည်။

ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်ဆန်းက သေဆုံးသူ၏ သူငယ်ချင်း ကောင်းထက်အောင်နှင့် ဖြိုးခန့်ဝေငြိမ်းတိုးအား ယာဉ်မဆင်မခြင်စီးနှင်းမောင်းနှင်မှု ယာဉ်(ပ) ၄/၂၀၁၈ ဥပဒေပုဒ်မ ၃၀၄-က နှင့်၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မ၂၀၁၊ သက်ဆိုင်ရာသို့ သတင်းမပို့မှု ပုဒ်မ၂၀၂ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း ၊တရားလိုမှာ ဒေါ်အေးအေးသင်းဖြစ်ကြောင်း၊ ဇွန် လ ၂၁ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း ပြောသည်။

“ စခန်းထဲမှာ စစ်ချက်ရေးတုန်းက ကျွန်တော်ရှိပါတယ်။ ကြားရတာကတော့ ချောက်တံတားမှာ(၃)ယောက်ပူး ဆိုင်ကယ်စီးပြီး မှောက်တာလို့ ကျန်ရှိအရပ်သားနဲ့ ရဲက ထွက်ဆိုပါတယ်။ သေဆုံးတဲ့ကလေးက ဆိုင်ကယ်စီးတာလို့ပြောတယ် ။ ဒါနဲ့အလောင်းကို လူနှစ်ယောက်ကြားမှာ ထည့်ပြီး ဆင်ဖြူကျွန်းကိုပြန်လာကြ တာ။ ဆင်ဖြူကျွန်းရောက်တော့ ကြံရာမရတာနဲ့စလင်းချောင်းထဲကိုပစ်ခဲ့တာလို့ ထွက်ဆိုတာ ကြားသိရပါတယ်” ဟု ကယ်ဆယ်ရေးလိုက်သွားသူ ဆင်ဖြူကျွန်းမြို့နေ ဦးမြတ်သာက ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဆင်ဖြူကျွန်းမြို့မှ စိတ်ပါဝင်စားသော ဒေသခံပြည်သူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required