လှိုင်သာယာသွား YBS ယာဉ်လိုင်းသစ် ၂ ခု မကြာမီ ပြေးဆွဲမည်

လှိုင်သာယာသွား YBS ယာဉ်လိုင်းသစ် ၂ ခု မကြာမီ ပြေးဆွဲမည်

 ရန်ကုန်၊ဇွန်၂၆ ။             ။ လှိုင်သာယာသွား ယာဉ်လိုင်းသစ် ၂ လိုင်း ပြေးဆွဲသွားရန် Omni Focus ကုမ္ပဏီမှ ရန်ကုန်တိုင်း အစိုးရထံ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းသစ် ၂ ခုသည် လှိုင်သာယာမြို့နယ် အခြေပြုကာ စတင်ပြေးဆွဲသွားမည် ဖြစ်ပြီး YBS ၈၂ နံပါတ်နှင့် အခြားယာဉ်လိုင်းမှာမူ နံပါတ်မသိရသေးကြောင်း ကုမ္ပဏီဘက်မှ သိရသည်။

YBS ၈၂ သည် ဒဂုံဧရာအဝေးပြေးကနေ ဘုရင်နောင်လမ်းဆုံ၊ အင်းစိန်၊ ပြည်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်း (၃)လမ်း၊ ဆူးလေ၊ ဗိုလ်တစ်ထောင်၊ ရှုခင်းသာလမ်းကြောအတိုင်း သာကေတ တိုင်းရင်းသားကျေးရွှာအထိ ပြေးဆွဲသွား မည် ဖြစ်သည်ဟု မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း(Omni Focus ကုမ္ပဏီ )က ဇွန်လ ၂၆ ရက်တွင် ပြောသည်။

အခြား ယာဉ်လိုင်းမှာမူ နံပါတ်မထွက်ရှိသေးဘဲ အောက်ကြည့်မြင်တိုင်လမ်းအတိုင်း သခင်မြပန်းခြံ၊ ဗိုလ်ချုပ် လမ်းအတိုင်း လင်းစဒေါင်းအထိ ပြေးဆွဲမည်ဟု လတ်တလောအနေဖြင့် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်လိုင်းနံပါတ်တစ်ခုသာ သိရှိရသေးပြီး ပြေးဆွဲမည့် ရက် အတိအကျမသိရသေးသော်လည်း မကြာမီ ပြေးဆွဲသွားမည်ဟု Omni Focus ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီသည် လှိုင်သာယာအခြေစိုက် YBS ၂၀ နှင့် YBS ၈၃ ယာဉ်လိုင်း ၂ လိုင်းကို ပြေးဆွဲနေပြီး YBS ၂၀ သည် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ သိမ်ဖြူ၊ တာမွေ၊ မြေနီကုန်း၊ ကြည့်မြင်တိုင်တို့ကို ဖြတ်ကာ လှိုင်သာယာ သို့ ပြေးဆွဲနေပြီး YBS ၈၃ ယာဉ်လိုင်းကို  လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးမှ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်း၊ ရှစ်မိုင် ယင်းမှတစ်ဆင့် ဧရာဝဏ်လမ်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ထိ ပြေးဆွဲပေးနေသည်။

လှိုင်သာယာသွား ယာဉ်လိုင်းဖြစ်သည့် YBS ၂၀ တွင် ယာဉ်မောင်းသူများအား  လုယက်မှု၊ ခြိမ်းခြောက်မှုများ တစ်လ၌  တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ် ဖြစ်ပွားတတ်သောကြောင့် ကားမောင်းသူများအား ကုမ္ပဏီဘက်မှ မှာကြားထားကြောင်း သိရသည်။

"ကျွန်တော်အနေနဲ့ ယာဉ်မောင်းသူတွေက်ုိ အမြဲသည်းခံဖို့၊ ပြန်မလုပ်ဖို့၊ ခံမပြောဖို့ အမြဲမှာပါတယ်။ တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် ကားအောက်ကို မဆင်းဖို့၊ ပြီးတော့ နောက်ဆုံး တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် တံခါးကို ပိတ်ပြီး ခရီးသည်တွေနဲ့ပါ တစ်ခါတည်း ကားမောင်းပြေးဖို့ အဲဒီလိုမျိုး မှာထားတယ်" ဟု မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။

Omni Focus General Service ကုမ္ပဏီလိမိတက်သည် YBS မြို့တွင်းပတ် ယာဉ်လိုင်း ၅၆၊ မြို့တွင်းချိတ်ဆက် ယာဉ်လိုင်း ၂၀ နှင့် ၈၃ အစရှိသည့်ယာဉ်လိုင်းများကို တာဝန်ယူ ပြေးဆွဲပေးနေသော ကုမ္ပဏီ ဖြစ်သည်။ မကြာသေးခင်က ဇွန် ၂၂ တွင် YBS Airport Shuttle ယာဉ်လိုင်းကို ယာဉ်စီးရေ ၃၅  စီးဖြင့် ပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags