မူးယစ်ရာဇာများ၏ သတင်းပေးပါက သူတို့၏ ပိုင်ဆိုင်မှုကို အချိုးကျ ခွဲဝေပေးမည်

မူးယစ်ရာဇာများ၏ သတင်းပေးပါက သူတို့၏ ပိုင်ဆိုင်မှုကို အချိုးကျ ခွဲဝေပေးမည်
(ဓာတ်ပုံ- ဟိန်းထက်/EPA)

နေပြည်တော်(ဇွန်လ ၂၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ မူးယစ်ဆေးဝါးကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားသည့် လက်ကြီးသမားများနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားလာပါက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမည့်အပြင် သတင်းပေးသူကို အဆိုပါ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများအား အချိုးကျ ပြန်လည်ခွဲဝေပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ်အရေးယူမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။

မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးတွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်နိုင်ရန် ဆုငွေချီးမြှင့်ရေးအစီအစဉ်အဖြစ် အထက်ပါအတိုင်း ခွဲဝေပေးအပ်သွားမည်ဖြစ်သလို ယင်းသည် နိုင်ငံတော်ချီးမြှင့်ငွေဖြစ်သည့်အတွက် အထူးအခွင့်အရေးအဖြစ် အခွန်ကင်းလွတ်ခွင့်လည်းပြုမည်ဟု နေပြည်တော်တွင် ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်းရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် သမ္မတက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ရာမှာ သူတို့ရဲ့ လုံခြံုရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ဲ့ ချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် 'မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန' ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းလိုက်ပြီး ယင်းဌာန၏ လိပ်စာများဖြစ်သော အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀ , ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ , အီးမေးလ်လိပ်စာ [email protected] သို့ လုံခြံုစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

ထို့ပြင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကို ထိထိရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ရန်၊ ဖော်ထုတ်ရာတွင် ကွင်းဆက်အားလုံး မပျောက်ပျက်အောင် စုံစမ်းဖော်ထုတ်နိုင်ရန်နှင့် မူးယစ်တိုက်ဖျက်ရေးတွင် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရန် 'မူးယစ်ဆေးဝါး တားတီးနှိမ်နင်းရေး အထူးအဖွဲ့' ကို သီးခြားဖွဲ့စည်းကာ သတင်းပေးတိုင်ကြားလာသည့် အချက်အလက်များကို အခြေခံပြီး ယင်း “အထူးအဖွဲ့” ကို စေလွတ်သွားမည်ဟုလည်း သမ္မတ ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

“အထူးအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက် မှန်သမျှ ပေါက်ကြားခြင်း မရှိအောင်၊ အချိန်တိုတိုအတွင်း လျင်လျင်မြန်မြန် ဖြန့်ကျက်ပြီး လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေးကွပ်ကဲမှုလမ်းကြောင်းကို အတိုဆုံးဖြစ်အောင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်” ဟု ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်ကို သမ္မတက ရှင်းပြသည်။

အဆိုပါ အထူးအဖွဲ့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် သက်ဆိုင်မှုမရှိဘဲ အရေးပေါ် ပေါ်ပေါက်လာသည့် မူးယစ်ဆေးဝါး အမှုများကို ချက်ချင်းဖမ်းဆီးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ရွှေညာမောင်က သတင်းထောက်များကို ပြောသည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို လျှော့ချရာတွင် ပြည်သူလူထုဘက်က ပူးပေါင်းပါဝင်ပေးကြရန်လည်း ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မေတ္တာရပ်ခံသည်။

“ပြည်သူလူထုများမှလည်း ဘုံပြဿနာအဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦး တစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင် ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို နှစ်စဉ် မီးရှို့ဖျက်ဆီးလျက်ရှိရာ ယနေ့တွင်လည်း  ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကျပ်သန်းပေါင်း ၂၅၃,၃၂၄ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါး ပမာဏသည် ယခင်နှစ်များထက် အနည်းငယ် လျော့နည်းသွားပြီး ထိုသို့ လျော့နည်းရခြင်းမှာ သက်ဆိုင်ရာ တရားရုံးများတွင် ပမာဏများပြားသည့် မူးယစ်ဆေးဝါးအမှုများကို စစ်ဆေးမှု မပြီးပြတ်သေးသောကြောင့်ဖြစ်သည်ဟု ရဲမှူးကြီး ရွှေညာမောင်က ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly