ကံကောင်းလို့ အုပ်စုပထမနေရာရခဲ့တာလို့ ပြောတဲ့ စပိန်နည်းပြ ဟီယာရို

ကံကောင်းလို့ အုပ်စုပထမနေရာရခဲ့တာလို့ ပြောတဲ့ စပိန်နည်းပြ ဟီယာရို

 

ဇွန် ၂၆၊ ရုရှ။                ။ စပိန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကံကောင်းလို့ အုပ်စုပထမရခဲ့တာဖြစ်ပြီး ဂိုးတွေအများကြီး မပေးခဲ့ရသင့်တဲ့အပြင် တိုးတက်ဖို့လည်း လိုတယ်လို့ နည်းပြ ဖာနန်ဒို ဟီယာရိုက ပြောဆိုလိုက်ပါတယ်။

မော်ရိုကိုနဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပွဲပြီးခါနီးထပ်ဆောင်းအချိန်ပိုရောက်မှ လာဂို အက်စ်ပတ်စ်ရဲ့ ချေပဂိုးနဲ့ သရေတစ်မှတ်ရခဲ့တဲ့ စပိန်အသင်းဟာ အုပ်စု B ရဲ့ အုပ်စုပထမအဖြစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဟီယာရိုက “ရှေ့နှစ်ပွဲကို တစ်ဂိုး၊ ဂိုးမရှိတွေနဲ့ မရှုံးသင့်ဘဲ ရှုံးထားတဲ့ မော်ရိုကိုအသင်းဟာ အရမ်းကောင်းတဲ့အသင်း ဖြစ်လို့ ကျွန်တော်တို့ အခက်တွေ့ခဲ့ရတယ်။

ဒါပေမဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ပြီး အကောင်းဘက်ကပဲ တွေးသွားကြရမှာပါ။ ကျွန်တော်တို့ ပိုကောင်းလာနိုင်သေးသလို ဆက်ပြီးတော့လည်း ကြိုးစားရဦးမယ်။

သုံးပွဲကစားပြီး ၅ ဂိုးပေးထားရတာတော့ မကောင်းဘူး။ ဒါကို ကျွန်တော်ကစားသမားတွေကို ပြောရမယ်”လို့ ပြောဆိုခဲ့ပါတယ်။

စပိန်အသင်းဟာ အုပ်စု B ရဲ့ တခြားပွဲမှာ အီရန်အသင်းနဲ့ တစ်ဂိုးစီသရေကျသွားတဲ့ ပေါ်တူဂီအသင်းနဲ့ ရမှတ် ၅ မှတ်ချင်း တူညီခဲ့ပေမယ့် သွင်းဂိုးအရေအတွက် ပိုများခဲ့တဲ့အတွက် အုပ်စု ပထမနေရာ ရရှိခဲ့တာပါ။

တနင်္လာနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ ဥရုဂွေးက ရုရှကို သုံးဂိုး၊ ဂိုးမရှိ။ ဆော်ဒီက အီဂျစ်ကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အီရန်နဲ့ ပေါ်တူဂီက တစ်ဂိုးစီသရေ၊ စပိန်နဲ့ မော်ရိုကိုက နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

အုပ်စု A မှာ ဥရုဂွေးနဲ့ ရုရှ၊ အုပ်စု B မှာ စပိန်နဲ့ ပေါ်တူဂီတို့ ၁၆ သင်းရှုံးထွက်အဆင့်ကိုတက်ရောက်ခဲ့ကြပြီး ဇူလိုင် ၁ ရက် နံနက် ၀၀း၃၀ နာရီမှာ ဥရုဂွေးနဲ့ ပေါ်တူဂီ၊ ည ၈း၃၀ နာရီမှာ စပိန်နဲ့ ရုရှတို့ ကစားကြမှာပါ။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required