လိုဏ်ဂူထဲ ပျောက်ဆုံးနေသည့် ဘောလုံးအသင်းနှင့် နည်းပြဖြစ်သူတို့ကို ထပ်မံဝင်ရောက် ရှာဖွေ

လိုဏ်ဂူထဲ ပျောက်ဆုံးနေသည့် ဘောလုံးအသင်းနှင့် နည်းပြဖြစ်သူတို့ကို ထပ်မံဝင်ရောက် ရှာဖွေ

ဘန်ကောက်၊ ဇွန် ၂၆ ။      ။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ယောက်ကျားလေး ၁၂ ဦးပါ ဘောလုံးအသင်းနှင့် နည်းပြဖြစ်သူတို့ လိုဏ်ဂူတစ်ခုအတွင်း ဝင်ရောက်ကာ   ပျောက်ကွယ်နေခြင်းအား   နောက်တစ်ကြိမ် ရှာဖွေမှု ထပ်လုပ်သည်။

နေဗီလ်ဆီးလ် ရေငုပ်သမား တစ်ဒါဇင်ခန့်နှင့် အခြားကယ်ဆယ်ရေးသမားများက ရေကြီးမှုကြောင့် လိုဏ်ဂူအတွင်း ဝင်ရောက်သောင်တင်နေကာ ပျောက်ကွယ်နေသော အဆိုပါ ဘောလုံးအသင်းအား ရှာဖွေရေးအတွက် ထိုလိုဏ်ဂူအတွင်း ဇွန် ၂၆ နံနက် ရှစ်နာရီခွဲတွင် ထပ်မံဝင်ရောက် ရှာဖွေကြပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်တွင် တည်ရှိသော လိုဏ်ဂူအတွင်း အဆိုပါ ဘောလုံးအသင်း ပျောက်ဆုံးနေခြင်းကို ရှာဖွေမှု ထပ်မံပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ လိုဏ်ဂူသည် ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များကြောင့် နာမည်ကြီးထင်ရှားသည့် လိုဏ်ဂူဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၃ ရက် ည ခုနစ်နာရီခန့်က ဥယျာဉ်တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်တစ်စီးနှင့် စက်ဘီး ၁၁ စီးအား လိုဏ်ဂူရှေ့တွင် တွေ့ရှိခြင်း ဖြစ်သည်။ ယင်းဆိုင််ကယ်နှင့် စက်ဘီးများတွင် ဘောကန်ဖိနပ်များနှင့် အခြားအားကစားပစ္စည်းများကိုပါ တွေ့ရှိသည်။

အဆိုပါ တာဝန်ရှိသူများက ပွန်ဖာရှိ ဒေသခံဘေဘာလုံးအသင်း ခေါင်းဆောင်ထံ ဆက်သွယ်ရာ ၎င်းက ဘောလုံးသမား ၁၁ ဦးနှင့် နည်းပြတို့၏ ပစ္စည်းများ ဖြစ်ကြောင်း အတည်ပြုသည်။

ထိုအားကစားသမားများသည့် စနေ၊ တနင်္ဂနွေတိုင်း ဘောလုံးကွင်းတွင် လေ့ကျင့်လေ့ရှိသည်။ ဇွန် ၂၃ ရက်တွင် ထိုသို့ လေ့ကျင့်ပြီးနောက် လိုဏ်ဂူအတွင်း ၀င်သွားကြသည်ကို မျက််မြင်တွေ့လိုက်သူများလည်း ရှိသည်။

လိုဏ်ဂူ၏ အတွင်းပိုင်း သုံးကီလိုမီတာအထိ  တာဝန်ရှိသူများ ၀င်ရောက်ရှာဖွေပြီးသော်လည်း ၎င်းတို့အား တွေ့ရှိခြင်း မရှိသေးပေ။

မိုးသည်းထန်စွာ ရွာခြင်းကြောင့် ချောင်းငယ်ရေသည် ၀င်ပေါက်ကို ပိတ်ဆို့အောင် မြင့်တက်လာမည် စိုးရိမ်၍ ရရှာဖွေမှုကို ဇွန် ၂၅ ရက်က ခေတ္တရပ်ဆိုင်လိုက်ရခြင်း ဖြစ်ကာ ယနေ့ ဇွန် ၂၆ ရက်တွင် ထပ်မံရှာဖွေမှု ပြုလုပ်ကြခြင်း ဖြစ်သည်။

ချောင်းငယ်တစ်ခုပါ စီးဆင်းနေသော အဆိုပါ လိုဏ်ဂူတွင် မိုးရွာသွန်းခြင်းကြောင့် လိုဏ်ဂူအတွင်း ရေ ၅ မီတာအထိ မြင့်တက်လိမ့်မည်ဖြစ်သော်လည်း ဘောလုံးအသင်းအနေဖြင့် လိုဏ်ဂူတွင်း အသက်ရှင် ရှိနေမည်ဟု တာဝန်ရှိသူများက ယူဆထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags