လူနည်းစုအခွင့်အရေးများနှင့် ကျားမတန်းတူရေးကိစ္စများ တတိယအကြိမ် ၂၁ ပင်လုံညီလာခံတွင် အလေးထားဆွေးနွေးမည်ဟုဆို

လူနည်းစုအခွင့်အရေးများနှင့် ကျားမတန်းတူရေးကိစ္စများ တတိယအကြိမ် ၂၁ ပင်လုံညီလာခံတွင် အလေးထားဆွေးနွေးမည်ဟုဆို

 

နေပြည်တော်၊ ဇွန်လ ၂၆ ။                           ။ တတိယအကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံ အစည်းအဝေးတွင် လူနည်းစု အခွင့်အရေးနှင့် ကျားမတန်းတူရေး ကိစ္စများကို နိုင်ငံရေးပိုင်းတွင်  အလေးထားပြီး ဆွေးနွေးသွားမည်ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

"ဒီညီလာခံမှာကြတော့ ကျွန်တော်တို့ နိုင်ငံရေး ကိစ္စမှာဆိုရင် အထူးသဖြင့်  အရေးကြီးတဲ့  နိုင်ငံရေးအရ Package ကိစ္စမပါသော်လည်း  လူနည်းစု အခွင့်အရေး ၊ ကျားမ တန်းတူရေး ဒီကိစ္စတွေကို နိုင်ငံရေးပိုင်းမှာ အလေးထားပြီးတော့ ဆွေးနွေးသွားမယ်"ဟု ဦးဇော်ဌေးက ပြောသည်။

ဇွန်လ ၂၅ နေ့က နေပြည်တော်ရှိ ( NRPC) ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲဆွေးနွေးမှု UPDJC အတွင်းရေးမှူးများလုပ်ငန်းကော်မတီ အစည်းအဝေးပြီးတွင် ၄င်းက မီဒီယာများကိုပြောခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး ၊ စီးပွားရေး၊ မြေယာကဏ္ဍ နှင့် လူမှုရေးကဏ္ဍ စသည့် ကဏ္ဍ ငါးခုကို ဆွေးနွေးကြမည်ဟု သတ်မှတ်ထားပြီး ယခု တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို အကာကွယ်ပေးခြင်းနှင့် ဒီမိုကရေစီအခွင့်အရေး အခြေခံ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှမှုရေးကို အဓိက ဆွေးနွေးသွားမည်ဟု ပြောဆိုနေခြင်း ဖြစ်သည်။

အဆိုပါ UPDJC အစည်းအဝေးတွင်းတွင်လည်း တတိယအကြိမ် ပင်လုံညီလာခံကျင်းပမည့်ရက်ကို လာမည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်နိုင်ခဲ့ပြီး ညီလာခံကို ယခင်ပုံမှန် ငါးရက် ကျင်းပလေ့ရှိသော်လည်း အဆိုပါ လုပ်ငန်းကော်မတိီ၏ သဘောထားများအပေါ်မူတည်ကာ ညီလာခံကျင်းပမည့်ရက်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်တွင် စတင်ကျင်းပမည့် ညီလာခံအတွင်း ယခင် ညီလာခံများကျင်းပသည့် အခင်းအကျဉ်းများနှင့်  မတူညီအောင် ပြောင်းလဲထားမယ်လို့ ၄င်းကဆက်ပြောသည်။

"အရင်ညီလာခံတုန်းက ဒုတိယအစည်းအဝေးတုန်းက ကဏ္ဍအလိုက် အစည်းအဝေးတွေကို အလေးထားပြီးတော့ ဆောင်ရွက်တယ်။ ခုဟာကတော့ ကဏ္ဍအလိုက်တွေလည်း လုပ်မယ်။ သို့သော် အစုအဖွဲ့အလိုက်အစည်းအဝေးတွေလည်း အဓိက ဦးစားပေးမယ်။ အချိန်ပိုပေးမယ်ပေါ့နော်"ဟု ဦးဇော်ဌေးကပြောသည်။

တတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကြီးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးတက်ရောက်နိုင်ရေး မူဖြင့် လုပ်ဆောင်ထားသည့်အတွက် အဖွဲ့ ရ ဖွဲ့လုံးကို ဖိတ်ကြားသွားနိုင်ရန် စီစဉ်ထားပြီး ၀ အဖွဲ့၊ မိုင်းလားအဖွဲ့ ၊ SSPP/SSAနှင့်  KIO/KIA အဖွဲ့အစည်းများသည် နှစ်ဦးနှစ်ဖက် ပြည်နယ်အဆင့့် ၊ ပြည်ထောင်စုအဆင့်စာချုပ်များအရဖိတ်ကြားရန် ကိစ္စမရှိသော်လည်း ကျန်သည့် အဖွဲ့သုံးဖွဲ့ကိုမူအစိုးရနှင့် တပ်မတော် ညှိပြီးမှသာ ဖိတ်သင့် ၊ မဖိတ်သင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။

" အဲ့တော့ ဒီအဖွဲ့တွေရဲ့ အခြေအနေနဲ့ ဟိုအဖွဲ့တွေ အခြေအနေနဲ့ မတူဘူး။  အဲ့ဒီအခါကြတော့ အကြမ်းဖျဉ်းကတော့ Bilateral ရှိပြီးသား အဖွဲ့တွေကတော့ ကျွန်တော်တို့ ဖိတ်သွားမယ်။  ဟိုသုံးဖွဲ့နဲ့ ပတ်သက်လို့ ဆက်ပြီးတော့ အတည်ပြုချက်ရယူပြီး ဖိတ်ပါမယ်" ဟု ၄င်းကပြောသည်။

ယခင်က တတိယ ပင်လုံညီလာခံကျင်းပမည့်ရက်ကို အစိုးရဘက်မှ ဇွန်လ ၃၀ရက်တွင် ကျင်းပရန် အဆိုပြုထားပြီး EAO အဖွဲ့များဘက်မှ ဇူလိုင်လ ၁၀ရက်ဝန်းကျင်တွင် ကျင်းပရန် အဆိုပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required