ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခရီးတော့သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးကသင့်အတွက်ပါလို့ပြောပါရစေ။ ကားမူးတာကခံစားရခက်တဲ့ဝေဒနာတစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကိုလက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးကတဆင့် အကူအညီပေးပါရစေ။

ကားမူးရင် ဘယ်လိုခံစားရလဲ

ကားမူးတယ်ဆိုတာက ကားစီးမှမူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင်ဖြစ်ဖြစ်၊ရထားစီးရင်းဖြစ်ဖြစ် သင်္ဘောစီးရင်းဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျပြောရရင် တော့ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့။ ဒီဝေဒနာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ။

  • မအီမလည်ကြီးဖြစ်လာမယ်
  • ငြီးစီစီဖြစ်လာမယ်
  • အော့အန်မယ်
  • အသက်ရှုမြန်လာမယ်
  • ချွေးတွေပြန်လာမယ်
  • ဖြူဖပ်ဖြူရော်ဖြစ်လာမယ်
  • ခေါင်းကိုက်မယ်
  • ခန္ဓာကိုယ်ထဲမှာ နုံးချိချိဖြစ်လာမယ်

ကားမူးတဲ့ခံစားချက်က ကားပေါ်ကနေဆင်းလိုက်ပြီးတဲ့ အထိတောင်ကျန်နေခဲ့တတ်ပါတယ်။ အနည်းဆုံးကတော့ ခေါင်းမကြည်ဘဲ ကျန်ခဲ့နိုင်ပါတယ်။

ကားမူးတဲ့ အစပျိုးလက္ခဏာတွေခံစားရတဲ့ ဘယ်လိုသက်သာအောင်လုပ်မလဲ

ကားမူးတဲ့လက္ခဏာက တရိပ်ရိပ်တက်လာတဲ့ ခံစားမှုတစ်ခုပါ။ ချက်ချင်းကြီးဖြစ်လာတာမဟုတ်ပါဘူး။ ဒါကြောင့် ကားမူးတာကိုခံစားနေရပြီလို့သိနိုင်တဲ့ အစပျိုးလက္ခဏာတွေခံစားရပြီဆိုတာနဲ့ ဒီနည်းလေးတွေသုံးပြီး သက်သာအောင် အရင်လုပ်ကြည့်ပါ။

  • ပတ်ဝန်းကျင်က အရာတွေကိုကြည့်လိုက်ပါ
  • ခေါင်းကိုလှုပ်ရှားမှုနည်းအောင်လုပ်ဆောင်ပါ၊ ကျောမှီထားတာမျိုးမလုပ်ဘဲ ခပ်မတ်မတ်ထိုင်ပေးပါ
  • စာဖတ်နေတာမျိုးလုပ်နေတာဆို ချက်ချင်းရပ်လိုက်ပါ
  • ပြတင်းပေါက်ကို ဖွင့်ပြီး ပြင်ပကလတ်ဆတ်တဲ့လေကို ရှုရှိုက်ပေးပါ
  • ဝင်သက်ထွက်သက်မှတ်တာမျိုး၊ သီချင်းနားထောင်တာမျိုးလုပ်ပြီး အာရုံပြောင်းပါ
  • လှဲအိပ်လိုက်ဖို့ အဆင်ပြေတယ်ဆိုရင် လှဲအိပ်လိုက်ပါ
  • ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့လုပ်ပါ
  • အစားတွေအများကြီးစားတာမျိုး မလုပ်ပါနဲ့။ အယ်လ်ကိုဟောနဲ့ကဖင်းဓာတ်ပါတဲ့ အရာတွေကိုရှောင်ကြဉ်ပါ။
  • ကားမူးတာကို ကာကွယ်ဖို့လုပ်သင့်တဲ့ အချက် ၁၀ ချက်
  • ကားမူးတာကို ကာကွယ်လို့ရတယ်ဆိုတာ သိပါသလား။ အခုပြောပြမယ့် အချက်လေးတွေက သင့်ကို ကားမမူးအောင် ကာကွယ်ပေးပါလိမ့်မယ်။
  • ခရီးမသွားခင်မှာ အစားအများကြီးမစားပါနဲ့။ အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကဖင်းနဲ့အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေကို ရှောင်ကြဉ်ပါ
  • အနံ့ပြင်းတဲ့စားစရာသောက်စရာတွေကိုရှောင်ကြဉ်ပါ
  • မူးဝေအော့အန်တာကို သိပ်မဖြစ်စေနိုင်မယ့် နေရာမျိုးမှာရွေးထိုင်ပါ။ လေယာဉ်ဆို အလယ်ပိုင်းလောက်မှာထိုင်ပါ၊ သင်္ဘောတို့၊လှေတို့ဆိုရင် ကုန်းပတ်ပေါ်မှာ ထိုင်ပါ။ ကားဆိုရင်တော့ ပြတင်းပေါက်ဘေးဘက်နဲ့ အရှေ့ပိုင်းနားမှာ ထိုင်ပါ
  • ခရီးသွားနေတဲ့ဦးတည်ရာနဲ့ ဆန့်ကျင် ဘက်မထိုင်မိပါစေနဲ့၊ ရထားစီးတဲ့အခါမျိုးမှာ အဖြစ်များနိုင်ပါတယ်။
  • ခရီးသွားရင်း စာဖတ်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုး မလုပ်ပါနဲ့။
  • ပြတင်းပေါက်ဖွင့်ထားပြီး ပတ်ဝန်းကျင်က သဘာဝလေကို ရှုရှိုက်ပါ
  • မူးဝေအော့အန်နေသူကို သွားမကြည့်မိအောင်နေပါ
  • ကားမူးသက်သာစေနိုင်တဲ့ ဆေးတစ်ခုခုသောက်သုံးပါ။ Dimenhydrinate ပါတဲ့ ကားမူးပျောက်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရရှိနိုင်နေပြီဖြစ်လို့ ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဆင်ပြေနိုင်မှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required