မောင်တောတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် သီးခြားဌာနခွဲ ဖွင့်လှစ်သင်ကြားမည်

မောင်တောတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် သီးခြားဌာနခွဲ ဖွင့်လှစ်သင်ကြားမည်

 

စစ်တွေ၊ ဇွန်လ ၂၅ ရက်။ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ပညာ ဆက်လက် သင်ကြားခွင့် ရရှိစေရေးအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ် သီးခြားဌာနခွဲတစ်ခုကို မောင်တောမြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ဌာနခွဲတွင် တက်ရောက် သင်ယူမည့် ကျောင်းသူ၊ ကျောင်းသား အခြေအနေနှင့် ကျောင်းဖွင့်လှစ်မည့် မြေနေရာများကို ရန်ကုန် အဝေးသင်တက္ကသိုလ် တာဝန်ရှိ ပုဂ္ဂိုလ်များက သွားရောက်ကွင်းဆင်း ကြည့်ရှုမည် ဖြစ်ပြီး ယင်းနောက်မှ အသေးစိတ်ကို ပြော၍ရမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက RiA သို့ ပြောသည်။

“ကျွန်တော်တို့ မနက်ဖြန် (ဇွန်လ ၂၆ ရက်) မှ ရခိုင်ကို ရဟတ်ယာဉ်နဲ့ သွားမှာ။ ကွင်းဆင်းကြည့်ပြီးမှ ပြောလို့ ရမယ်။ လောလောဆယ် ဒတ်တာ (အချက်အလက်) အတိကျ မသိသေးဘူး။ လုပ်ဖို့တော့ ရှိတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာ ကွင်းဆင်းပြီးမှ ပြောလို့ရမယ်။ ဆယ်တန်းအောင်တဲ့ ကျောင်းသား ဦးရေ ဘယ်လောက်ရှိလေ။ သူတို့မေးရဦးမယ်။ တက်မှာလား၊ မတက်ဘူးလားပေါ့။ တက်မယ့်သူရှိမှ ဖွင့်လို့ ရမယ်။”ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က အဆိုပါ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်အဝေးသင် တက္ကသိုလ် စစ်တွေ ဌာနခွဲအဖြစ် သီးခြားဌာနခွဲတစ်ခုကို စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

ယင်းသက္ကယ်ပြင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် အဝေးသင်ဌာနခွဲတွင် မြန်မာစာနှင့် သမိုင်းအထူးပြု ဘာသာ ရပ်ကို သင်ယူမည့် အစ္စလာမ်ဘာသာဝင် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၉ ဦးတက်ရောက်ခဲ့ပြီး အနီးကပ် သင်တန်းများပို့ချခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်း၊ အဖြေလွှာ ပြုစုခြင်းအတွက် ဆရာ၊ ဆရာမ ရ ဦးက လာရောက်ပြသခဲ့သည်။

ယခုနှစ်တွင်လည်း တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများရှိပါက သက္ကယ်ပြင် ကျေးရွာမှ အဝေးသင် ဌာနခွဲကို ဆက်လက်ဖွင့်လှစ်သွားမည်ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများကြောင့် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး ၅ နှစ်အကြာတွင် ယခုလို အဝေးသင် တက္ကသိုလ် ဌာနခွဲများကို ဖွင့်လှစ်ပြီး ပညာသင်ကြားခွင့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးလာခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly