စိုက်ပျိုးရေးကြီးကြပ်ရေးမှူးအား မီးရှို့သတ်ခဲ့မှု အပြီးသတ်အမိန့်ချ

စိုက်ပျိုးရေးကြီးကြပ်ရေးမှူးအား မီးရှို့သတ်ခဲ့မှု အပြီးသတ်အမိန့်ချ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ ဇွန် ၂၅ ။              ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊နောင်ချိုမြို့နယ်၊ ကုန်းသာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာရှိ အားမာန်စိုက်ပျိုးရေးရုံး ဝန်ထမ်း စိုက်ပျိုးရေး ကြီးကြပ်ရေးမှူး ဦးငွေစိုး(ခ)ဦးဇင်းအား မီးရှို့သတ်ခဲ့မှုဖြင့် တရားစွဲဆိုခံထားရသည့် ၆ ဦး ကို ကျောက်မဲခရိုင်တရားရုံးမှ ဇွန်လ ၂၅ ရက်၊နံနက်ပိုင်းက အပြီးသတ်အမိန့်ချမှတ်လိုက်သည်။

ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည့် ဦးသြဇေယျာ(ခ)ဦးစိုင်းအောင်ကျန်ကို ပုဒ်မ ၃၀၂/၂ /၁၁၄အရ အလုပ်ကြမ်း နှင့်ထောင်ဒဏ် အနှစ် ၂၀၊ ဦးထွန်းဦးကို ပုဒ်မ ၃၀၂/၂အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀၊ ပုဒ်မ ၂၀၁ ဒုတိယပိုဒ်အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ဦးအိုက်လူး(ခ)စိုင်းစိုးသိန်း၊ ဦးအိုက်ပီး (ခ)စိုင်းဇော်မင်း(ခ) ထွန်းထွန်းအောင်၊ဦးကျော်ဆွေ(ခ)ဖိုးလုံးတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂ /၁၁၄အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀နှစ်စီ၊ ပုဒ်မ ၂၀၁ ဒုတိယအပိုဒ်အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ  အသီးသီး ချမှတ်ခဲ့သည်။

တရားစွဲဆိုခံထားရသူ ဖြစ်သည့် ဦးဝင်းနိုင်(ခ)ရှမ်းကြီးမှာမူ  ပြစ်မှုမထင်ရှားသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၈/၁အရ အမှုမှ အပြီးပြတ်လွှတ်လိုက်ကြောင်း   ကျောက်မဲခရိုင်တရားသူကြီး ဒေါ်မေမီဝင်းရွှေ(သတင်းနှင့်ပြန်ကြားရေး အရာရှိ)က မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊မေလ ၂၄ ရက်၊ညနေ ၆ နာရီ၊၃၀မိနစ်က ရွှေညောင်ပင်ကျေးရွာမှာရှိသည့် အားမာန်စိုက်ပျိုးရေးရုံးမှ စိုက်ပျိုးရေးကြီးကြပ်ရေးမှူး ဦးငွေစိုး(ခ)ဦးဇင်းကို ဦးသြဇေယျနှင့်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်၍ မီးရှို့သတ်ခဲ့သည်ဟုဆိုကာ အားမာန်စိုက်ပျိုးရေးရုံး လုံခြံုရေးတာဝန်ခံ ဦးမြင့်ကျော်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားလိုဖြစ်သူ ဦးမြင့်ကျော်က"ချလိုက်တဲ့အမိန့်ကို ကျေနပ်ပါတယ်။"ဟု  မဇ္ဈိမသို့ ဇွန်လ ၂၅ ရက်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly