နစ်မြုပ် ကူးတို့ရေယာဉ်၏ ဖြစ်နိုင်ဖွယ် တည်နေရာကို ရှာတွေ့ထားပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

နစ်မြုပ် ကူးတို့ရေယာဉ်၏ ဖြစ်နိုင်ဖွယ် တည်နေရာကို ရှာတွေ့ထားပြီဟု အင်ဒိုနီးရှား ထုတ်ပြန်

 

ဇွန် ၂၅ ။            ။ ပြီးခဲ့သည့် သီတင်းပတ်က ဆူမားတြားကျွန်း တိုဘာရေအိုင်ကြီးထဲတွင် တိမ်းမှောက်နစ်မြုပ်သွားခဲ့သည့် ကူးတို့ရေယာဉ်၏ ဖြစ်နိုင်ဖွယ် တည်နေရာကို ရှာတွေ့ထားပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောသည်။

အဆိုပါ ကူးတို့ရေယာဉ်မှာ တန်ချိန်ကို ကျော်လွန်ပြီး မတန်မဆ တင်ဆောင်လာခဲ့ကာ ပြီးခဲ့သည့် အပတ်က ယင်း ရေကန်ကြီးထဲတွင် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။ ရေယာဉ်နစ်မြုပ်ပြီးနောက် ယခုအချိန်ထိ လူပေါင်း ၁၉၃ ဦးထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့အားလုံး သေဆုံးသွားပြီဟုလည်း ယုံကြည်ရသည်။

ယခုအခါ အဆိုပါ နစ်မြုပ်ရေယာဉ်၏ ဖြစ်နိုင်ဖွယ် တည်နေရာကို အင်ဒို ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက ထောက်လှမ်းတွေ့ရှိထားပြီ ဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ ဇွန်လ ၂၄ ရက်က မီတာ ၂၀ အရွယ်အစားရှိ အရာဝတ္ထုတစ်ခုကို ရေအောက် အနက် မီတာ ၄၅၀ ခန့်အကွာ တစ်နေရာမှာ ထောက်လှမ်းတွေ့ရှိထားပြီ ဖြစ်ကြောင်း အေဂျင်စီ အကြီးအကဲ Muhammad Syaugi က ပြောသည်။

"အခု ဖမ်းယူရရှိထားတဲ့ ပုံရိပ်ရဲ့ ပုံပန်းသဏ္ဍာန်ကတော့ သင်္ဘောတစ်စင်း ဖြစ်ဖို့ များနေပါတယ်" ဆိုပြီး Syaugi က ပြောသည်။

သို့သော်လည်း ယင်းမှာ အမှန်တကယ်ပင် နစ်မြုပ် ကူးတို့ရေယာဉ် ဖြစ်နေသည်လား ဆိုသည်ကိုတော့ နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

အဆိုပါ ကူးတို့ရေယာဉ် နစ်မြုပ်မှုကြောင့် ခရီးသည် သုံးဦး သေဆုံးခဲ့သည်ဟု အတည်ပြုထားပြီး ၁၈ ဦး အသက်ရှင်လွတ်မြောက်ခဲ့သည်။ လက်ရှိ စာရင်းများအရ ကလေးငယ်များအပါအဝင် လူပေါင်း ၁၉၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly