ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တွေ့ဆုံခြင်း အပိုင်း (၂)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တွေ့ဆုံခြင်း အပိုင်း (၂)
 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တွေ့ဆုံပြီး မြန်မာ့မီဒီယာလောက အခြေအနေ၊ သတင်းလွတ်လပ်ခွင့်၊ ရိုက်တာသတင်းထောက်များကိစ္စ နှင့်ရခိုင်အရေးသတင်းရယူခွင့်များ အပါအဝင်၊ မီဒီယာ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မဇ္ဈိမမှ သတင်းအယ်ဒီတာ အေးချမ်းခိုင်က သီးခြားတွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ခုနက ဝန်ကြီးပြောသွားတဲ့ စကားလေးကို ပြန်ကောက်ရရင် တိုင်းပြည်အတွင်း မီဒီယာဒေါင်ဒေါင်မြည် အယောက် ၃၀ လောက်ရှိရင် ကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ လက်ရှိသတင်းသမားတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်း နည်းနေသေးတယ်လို့ ဆိုလိုချင်တာလား။

ဖြေ။ ။ များလေကောင်းလေပေါ့။ အထူးသဖြင့် ကျွန်တေ်ာပြောချင်တာက သတင်းသမားတွေအနေနဲ့ ဒီရာထူးရမှ ကျွန်တေ်ာကို ခဏ ခဏ မေးကြတယ်။ ကျွန်တေ်ာ ရန်ကုန်မှာနေတုန်းက ကျွန်တော် ကိုယ်တိုင်ပါပဲ။ အပတ်တိုင်းလိုလို နိုင်ငံခြားကလာတဲ့ သံတမန်တွေရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရှိတယ်။ မေးမြန်းချင်ကြတာပေါ့။ အားလုံးကိုမေးတယ်။ ကျွန်တေ်ာကလည်း စီးပွားရေးသတင်းလည်း ရေးခဲ့တာကိုး ။ အခင်းအကျင်းတွေမေးတယ် ။ Industry အကြောင်းတွေကို မေးတယ်။ အားလုံးကိုပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံက တော်ေတော်ကို ရှုပ်ထွေးတာကိုး ။ လက်နက်ကိုင် အဖွဲ့အစည်းက သုံးလေးငါးဆယ် လောက်ရှိတာကိုး ။ ကျွန်တော် နိုင်ငံခြားသတင်းထောက် ဖြစ်ခါစကဆိုရင် ရ၀၊  ၈၀ ရှိတယ်။ ကျွန်တော် အမြဲတမ်း အိမ်မှာ ဇယားနဲ့ဆွဲထားတယ်။ အများကြီးပဲ ခွဲထွက်လာတယ်။ သတင်းသမားတစ်ယောက်က ကျွန်တော်ဆိုလိုချင်တာက နိုင်ငံတကာသုံး ဘာသာစကားတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရေးသားနိုင်တဲ့ သတင်းသမားအရေအတွက်က ပိုများဖို့လိုပါတယ်။ အခုလည်း ရှိပါတယ်ခင်ဗျ။ ဒါပေမယ့် ကျွန်တော် ပြောသလိုပဲ တချို့က CSO အပိုင်းကို ရောက်သွားကြတယ်။  တချို့ကလည်း Training  ပိုင်းကို ရောက်သွားကြတယ်။ တချို့ကလည်း PR ပိုင်းကို ရောက်သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လစာကောင်းတာကို။ ကျွန်တော်သူငယ်ချင်းတွေလည်း အများကြီးပါ ။ ကျွန်တော်စာသင်ခဲ့တဲ့ တပည့်တွေလည်း အများကြီးရှိပါတယ်။ ပြီးတော့ အင်တာနေရှင်နယ် Corporate ဝင်လာတယ်။ Company ကြီးတွေ ဝင်လာတယ်။ သူတို့ ဘယ်လိုမှ မယှဉ်နိုင်ဘူးလေ။ လစာတွေက ကောင်းကြတာကိုး ။ ဒေါင်ဒေါင်မြည်တွေအားလုံး သူတို့ ခေါ်သွားကြတယ်။ သို့သော် မီဒီယာလောကမှာ ကျန်တဲ့သူတွေက ည့ံတယ်လို့ ကျွန်တေ်ာ မဆိုလိုပါဘူး။ တချို့က မီဒီယာကို ခင်တွယ်တဲ့စိတ်ကြောင့် အဲဒီစိတ်ကို ကျွန်တေ်ာတို့ ငယ်ငယ်တုန်းကတော့ ဆရာသမားတွေက “ပိုး”လို့ သုံးကြပါတယ်။ ကျွန်တော်က အယ်ဒီတာလည်း လုပ်ဖူးပါတယ်။ ကျွန်တော် အယ်ဒီတာ ၁၁ နှစ် လုပ်ခဲ့ပါတယ်။ ရိုက်တာမှာ ၂၁ နှစ် မလုပ်ခင် အဲဒီတော့ ကျွန်တေ်ာ သင်တန်းတွေ အများကြီးတက်ရပါတယ်၊ ဌာနတွေမှာလေ ။ နိုင်ငံခြားမှာလည်း တက်ဖူးပါတယ်။ ဌာနတွေမှာ ဆရာကြီးတွေ ပြောကြပါတယ်။ “ပိုး” ပေါ့လေ။ အဲဒါက ကျွန်တေ်ာတို့ရဲ့ မောင်းနှင်အားပါပဲ။ လစာ မဟုတ်ဘူးခင်ဗျ ။ လစာကတော့ တစ်ကဏ္ဍပဲလေ။ သူက ပိုး ဝင်တဲ့အခါကျတော့ ဟန့်တားလို့ မရတော့ဘူးပေါ့။ သတင်းသမားတစ်ယောက်အနေနဲ့ သူ သွားမှာပဲ ။ ဘယ်လောက်ပဲ အခက်အခဲရှိရှိ ၊ ဘယ်လောက်စိန်ခေါ်မှု ရှိရှိ ၊ သူက ပါးပါးနပ်နပ်နဲ့ လိမ်လိမ်မာမာနဲ့ ရှောင်တိမ်းပြီးတော့ သူ ရအောင်ယူမှာပဲ ဒီသတင်းကို။ ဘာဖြစ်လို့လဲဆိုတော့ မရေးလိုက်ရရင်လည်း သူ အိပ်လို့ပျော်မှာမဟုတ်ဘူး။ ခုလုခုလု ဖြစ်နေမှာလေ။ အဲဒီလိုသဘောမျိုးပါပဲ ။ ကျွန်တော်ဆိုရင်လည်း ဒီသဘောမျိုးပါပဲ။ ဒါပေမယ့် ရေးလို့မရတော့ဘူးလေ။ ကျွန်တော် Press ကောင်စီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တစ်နှစ်ကျေ်ာလောက် နေခဲ့ပါတယ်။ တစ်ခါတစ်ခါကျတော့ အားကုန်တယ်။ သတင်းတစ်ခု ထွက်လာတယ်။ သတင်းစာထဲမှာလည်း ပါတော့ပါတယ်။ အဲဒါကို အနောက်ကနေ လိုက် လိုက်ရင် အင်မတန်သတင်းကောင်းတစ်ပုဒ် ဖြစ်နိုင်တယ်။ ရေဒီယိုမှာကြားတယ် တခြားဟာတွေပေါ့။ ဒါပေမယ့် တစ်ယောက်မှ မရေးတဲ့အခါကျတော့ အားကုန်တာပေါ့လေ။ အဲဒီ “ ပိုး” ကို ပြောတာပါ။

မေး။ ။ ပြည်တွင်းကလူတွေရော နိုင်ငံတကာကလူတွေရော ရခိုင်ပြည်နယ်ရဲ့ အခြေအနေမှန်ကို သိဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေ လုပ်ဆောင်ပြီးပြီလဲ ။ နောက် ဘာတွေရော ထိထိရောက်ရောက် လုပ်ဆောင်နေလဲ။

ဖြေ။ ။ ခုနက ကျွန်တော်ပြောသလိုပေါ့ ။ တစ်ခုက မီဒီယာတွေကို ကူညီပေးနေတယ်။ ပြည်တွင်းတစ်လှည့် ပြည်ပတစ်လှည့် မကြာသေးခင်ကဆိုရင် ပြည်ပတစ်လှည့်လာပါတယ်။ အဲဒီမှာ ရန်ကုန်မှာ သတင်းဖွင့်ထားတဲ့ နိုင်ငံခြားသတင်းထောက်တွေလည်းပါတယ်။ အခုမှ သတင်းထောက်လုပ်ဖူးသူတွေလည်းပါတယ်။ ကျွန်တေ်ာတို့က  စိစစ်ဖို့ လိုတာပေါ့။ အားလုံးကို လာကြတော့လို့ လွှတ်လို့မရဘူး။ အားလုံးသိမှာပါလေ။ အားလုံးက ပြိုင်ဆိုင်မှုကလည်း ကြီးတယ်ဆိုတော့လေ။ ဟိုဘက်မှာလညး် အခက်အခဲလေးတွေ ရှိတယ်။ သွားတာလာတာ တည်းတာ ခိုတာ။ တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ ဒါကလည်း အရေးကြီးတဲ့ အောင်မြင်မှုပါ။ ဒီတစ်ခေါက် သွားတဲ့လူတွေဆီက ကျွန်တော်တို့ကို Feedback ပေးကြပါတယ်။ တော်တော်ကျေနပ်ကြတယ်။ ကျွန်တေ်ာကလည်း သူတို့သွားချင်တဲ့ နေရာတိုင်းကိုလည်း ပို့လို့မရဘူး။ လုံခြံုရေးလည်း စဉ်းစားရတယ်။  အချိန်လည်း ရှိပါတယ်ခင်ဗျ။ ပြီးတော့ မီဒီယာသမားရဲ့ သဘောသဘာဝက တစ်ယောက်တစ်ပေါက်လေ။ တစ်ယောက်က ဒါကိုစိတ်ဝင်စားတယ် တစ်ယောက်က စိတ်မဝင်စားဘူး။ ကျွန်တေ်ာတို့မှာ ဆက်သွယ်ရေးအရာရှိ ရှိတယ်။ ဘာသာပြန်တွေနဲ့ အဲဒါလည်း ကုန်ကျစရိတ်တွေရှိတယ်။ စဉ်းစားရတာပေါ့။ အချိန်ကိုလည်း လုရတယ်။ တတ်နိုင်သလောက်တော့ လုပ်ပေးပါတယ်။ နောက်တစ်ခုက နို်င်ငံတကာလည်း လုပ်နေပါတယ်။ UEHRD တို့ကလည်း လုပ်နေတယ်။ သံတမန်တွေကိုလည်း လွှတ်ပါတယ်ခင်ဗျ။ မနေ့ကဆိုရင်လည်း ဂျပန်သံအမတ်ကြီး သွားပါတယ်။ ကျွန်တော် အားလုံးကို စီစဉ်ပေးနေပါတယ်။ နောက်တစ်ခုက ရခိုင်ဒေသတစ်ခုတည်း မကပါဘူး။ ကျွန်တော်တို့လုပ်နေတာ က သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို မြင့်မားအောင် လုပ်တာပါခင်ဗျ။ အဲဒါက ဘာလဲဆိုတော့ အစိုးရဝန်ကြီးဌာနတွေ ပါမယ်။ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေပါမယ်။ မဏ္ဍိုင်သုံးရပ်ကပေါ့။ အွန်လိုင်းမှာ သူတို့ဌာနက သိသင့်သိထိုက်တဲ့ဟာတွေကို ကြိုပြီးတော့ ထုတ်ပြန်ထားဖို့အတွက် ကျွန်တေ်ာတို့ တကယ့်ကို Technical နဲ့ ပြောရင်တော့ Proactive Technology လို့ခေါ်တာပေါ့။ ကြိုပြီးတော့ ထုတ်ပြန်ထားမယ်။ အဲဒါကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ Website တွေမှာ ကြိုပြီးတော့ Update လုပ်ထားဖို့ ထိခိုက်မှု မရှိတဲ့ဟာပေါ့။ သူ့ရဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ဟာတွေကို အားလုံးက လုပ်နေကြပါတယ်။ နောက် ပြောရေးဆိုခွင့်ရှိသူတွေကို တာဝန်ပေးထားဖို့ နောက်တစ်ဆင့်တက်တဲ့ ဒီ Information အဖွဲ့ကို ဖွဲ့ပေးထားဖို့ အဲဒါသည် တစ်နိုင်ငံလုံးမှာလုပ်နေတဲ့ E Government ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါကိုလည်း အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အဲဒါ ဌာနတိုင်းမှာ သတင်းအချက်အလက်အဖွဲ့ ထားရမယ်။ သူတို့ ကနေ ဘာတွေ ထုတ်ပြန်သင့်တယ် တစ်ခါတည်း လုပ်ထားပေးမယ်။ သတင်းသမားတွေ ဆက်သွယ်လာတဲ့အခါလည်း ထိုင်ပြီးတော့ ဖြေရှင်းပေးမှာပေါ့။ အဲဒါကတော့ အချိန်ယူပြီးတော့ လုပ်ရမှာပေါ့။ ချက်ချင်းကြီးတော့ မဖြစ်လာဘူး။ တစ်ချိန်တည်းမှာပဲ သတင်းမီဒီယာ လွတ်လပ်မှုကို အဟန့်အတားဖြစ်တဲ့ ဥပဒေကို ကျွန်တော်တို့ သုံးသပ်နေပါတယ်။ ဖျက်သိမ်းသင့်တာကို ဖျက်သိမ်းတယ်။ ပြင်သင့်တာကို ပြင်တယ်။ အသစ်ရေးဆွဲသင့်တာကို ရေးဆွဲမယ် အဲဒါမျိုးတွေ ရှိပါတယ်။

နောက် ကျွန်တေ်ာတို့က မီဒီယာသမားတွေ အတွက် ထူးထူးခြားခြား လုပ်ထားတာတစ်ခုက SOP လုပ်နေပါတယ်။ Standard Operating Procedure ပေါ့။ တပြေးညီပေါ့။ အဲဒီမှာ အားလုံးပါပါတယ်ခင်ဗျာ။ ဌာနပေါင်းစုံပါတယ်။ ရှေ့နေရုံးချုပ်လည်းပါပါတယ်။ လူ့အခွင့်အရေးကော်မရှင် ပါ ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနလည်း ပါ ပါတယ်။ ပြည်ထဲရေးလည်း ပါပါတယ်။ ကျွန်တေ်ာတို့ ဘာလုပ်ကြလဲဆိုတော့ ဒီ မီဒီယာလုပ်ငန်းကို မီဒီယာလွတ်လပ်မှုကို အဟန့်အတားပြုနေတဲ့ဟာပေါ့။ တည်ဆဲဥပဒေကို ကျွန်တော် လေ့လာနေပါတယ်။ ဥပဒေတွေ ပြဋ္ဌာန်းချက်တွေပေါ့။ လေ့လာတယ်။ သိဖို့လည်းလိုတာကို။ အဲဒီတော့ အသိပညာပေးတွေ လုပ်မယ်။ အားလုံးပါပဲ ။ ဘယ်ဥပဒေမှ ထာဝရ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဖွဲ့စည်းပုံတောင် သာမန်ဥပဒေက ပြဋ္ဌာန်းတာထက် ပြင်ဖို့တော့ ခက်ပါတယ်။ ထိုင်းနိုင်ငံတို့ဘာတို့မှာဆိုရင် အများကြီး ပြောင်းလဲခဲ့ပြီပေါ့။ ဥပဒေဘာတွေပေါ့ ဥပမာကို ပြောတာပါ။ ဥပမာ သတင်းမီဒီယာ ဥပဒေဆိုရင် ပြဋ္ဌာန်းတာ သက်တမ်းက သုံးနှစ်နီးပါးပဲ ရှိသေးတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့က စိတ်တိုင်းကျ မတွေ့သေးပါဘူး။ ရေးဆွဲခဲ့တုန်းက ကျွန်တော်လညး် တစ်စိတ်တစ်ပိုင်း ပါခဲ့ပါတယ်။ သို့သော် တက်တက်ကြွကြွ Active ကြီးတော့ မဟုတ်ဘူးပေါ့လေ။ တာဝန်ရှိနေတော့၊ ဒါပေမယ့် သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌဘဝမှာ ကျွန်တော် သေသေချာချာ Review လုပ်တဲ့အခါတော့ အများကြီးရှိတယ်။ အဲဒါကိုလည်း ကျွန်တော် သုံးသပ်နေပါတယ်။ ပြင်ဆင်တယ်ပေါ့။ ပြီးတော့ ရိုက်ကူးရေးဆိုလည်း ပြင်ဆင်မယ်။ အဲဒါမျိုးတွေက ကျွန်တေ်ာတို့အတွက် သတင်းမီဒီယာလောကအတွက် ဆောင်ရွက်နေတာပါ။ ရခိုင်ဒေသတစ်ခုတည်းအတွက် တော့  မဟုတ်ဘူးခင်ဗျ။ အားလုံးကို ခြံုပြီးတော့လေ လုပ်နေတာပါ။

မေး ။ ။ ကချင်လို ရခိုင်လိုဒေသမှာ သတင်းသမားတွေက သတင်းရယူရာမှာ သတင်းဖော်ပြခွင့်၊ သတင်း
ရယူခွင့်နှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေ စီမံဆောင်ရွက်ပေးနေပါသလဲ။ 

ဖြေ။ ။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တခြားဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ နံပါတ်တစ်ကတော့ သွားချင်တဲ့သတင်းသမားတိုင်းကို မလွှတ်နိုင်ဘူး။ ကျွန်တော်တို့မှာ အကန့်အသတ်တွေရှိတယ်။ အခက်အခဲတွေရှိတယ်။ ငွေရေးကြေးရေးအားဖြင့် အဟန့်အတားရှိတယ်။ သွားရေးလာရေး၊ တည်းခိုစရိတ်တွေရှိတယ်။ နောက် လုံခြံုရေး ရှိပါတယ်။ နောက်တစ်ခုက တစ်ချို့နေရာတွေဆိုရင် တစ်ကယ့်ကို Conflicts က ရှိနေတုန်းပဲ။ အဲဒီဟာကြတော့ တော်တော် အခက်အခဲရှိပါတယ်။ ကျွန်တော်တို့ Conflicts Area မှာ သတင်းယူပုံယူနည်း သင်တန်းတွေ တက်ရပါတယ်ခင်ဗျ၊ ကျွန်တော်နိုင်ငံခြားသတင်းထောက် လုပ်တုန်းက။ အဲဒီမှာ အရေးကြီးဆုံးတစ်ခု ကျွန်တော် မှတ်မိတယ်။ နယ်မြေခံအာဏာပိုင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သိပ်အရေးကြီးပါတယ်။ အဲဒီအချက်ကို ကျွန်တော့်ညီအစ်ကိုတွေကို မေတ္တာရပ်ခံချင်ပါတယ်။ သိပ်အရေးကြီးပါတယ်။ လုံခြံုမှုဟာ အသက်ပါ၊ ကျွန်တော်တို့တုန်းကတော့ အဲဒီလိုခေါ်တယ်။ လုံခြံုမှုအသက်၊ မလိုအပ်ဘဲ Risk တွေ မယူရဘူး။ သတိထားဖို့ လိုပါတယ်။ ခု ကျွန်တော် ကြံုကြိုက်တုန်း ပြောတာပါ။ ကိုယ့်ညီအစ်ကိုတွေကို ပြောတာပါ။ သတင်းသမားဟာ သတင်းသမားအဖြစ်ပဲ ကိုယ့်ကိုကိုယ် Identified လုပ်ဖို့ လိုပါတယ်။ တစ်ခါ တစ်ခါ ညီငယ်လေးတွေ တွေ့တယ်။ လက်နက်တွေ ဘာတွေ ယူပြီးတော့ ၊ ခင်လို့ပါ မြန်မာတွေသဘောက ။ ဘယ်ဖက်ကဖြစ်ဖြစ်၊ ဟိုဖက်က ဖြစ်ဖြစ် လက်နက်တွေယူပြီးတော့ ဓာတ်ပုံရိုက်ကြတာပေါ့လေ။ ကျွန်တော်တို့ကို သင်တာကတော့ ဒီမှာကိုရေးထားတယ်၊ Press ဆိုပြီးတော့ပေါ့။ Press ဆိုပြီး ဖြစ်အောင်ပေါ့။ အဲဒီဟာလည်း အရေးကြီးတဲ့ဟာပဲ။ ကျင့်ဝတ်ပိုင်းထဲမှာ အဲဒါလည်း ပါမယ် ထင်ပါတယ်။ ပြုမူဆောင်ရွက်ပုံထဲမှာလေ။ အဲဒါလည်း ကိုယ့်ဖက်က လုပ်ရမယ်။ ကိုယ့်မီဒီယာက သတင်းသမားတွေကိုလည်း ကိုယ်က နည်းနည်းလေ့ကျင့်ပေးဖို့ လိုပါတယ်။ အားလုံးဝိုင်းဝန်းပြီးတော့လေ။ အဲဒီလို တစ်သံတည်း၊ ဘယ်လိုနေဖို့ထိုင်ဖို့အတွက် SOP တစ်ခုထွက်တဲ့အခါမှာ မီဒီယာအားလုံးရဲ့ ညီညွတ်မှုလည်း လိုပါတယ်ခင်ဗျ။ အားလုံးက ညှိနှိုင်းပြီးတော့။ ကျွန်တော်က အဲဒါကို သိပ်ဖြစ်စေချင်ပါတယ်ခင်ဗျ။ သတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး ကျွန်တော်နဲ့ ပူးပေါင်းပြီး ကျန်တဲ့ Media House အားလုံး ခေါ်မယ်။ ဘယ်လိုနေမယ်။ ကျွန်တော်တို့မှာ Challenge တွေက အများကြီးရှိတာကိုး ။ ဒီတိုင်းလွှတ်ပေးလိုက်လို့ လုံးဝမရဘူး။ လွှတ်ပေးလိုက်ရင် ဆုံးရှုံးမှာပေါ့။ တိုင်းပြည်အတွက်လည်း မကောင်းဘူး ဖြစ်သွားမှာပေါ့။ အားလုံးကိုထိန်းပြီးတော့ စနစ်တကျ လွှတ်လည်း လွှတ်ရမယ်။ ဒီဖက်ကလည်း ပြဿနာ မဖြစ်ရဘူး။ ဟိုဖက်လည်း ပြဿနာမဖြစ်စေရဘူးပေါ့။ ကိုယ့်ရဲ့ မျှတမှုကိုလည်း ပြရမယ်။ တစ်ဖက်ဖက်ကလည်း သံသယမဝင်စေရဘူးပေါ့။ အဲဒါ သိပ်အရေးကြီးပါတယ်။ သံသယဟာ အားလုံးကို ဆိုးကျိုး ဖြစ်စေပါတယ်။ အပြန်အလှန်ယုံကြည်မှု ၊ အဲဒါကို ဦးတည်တဲ့ဟာကိုပဲ ကျွန်တော်တို့ ရေးသားရမယ်။ ကောက်ချက် ချရပါမယ်။ မှတ်ချက် ချရမယ်။ ခု ဆိုရှယ်မီဒီယာတွေမှာ တစ်ချို့ တော်တော်လေးကို ပြောတာဆိုတာတွေ သတိထားပြီး ဆင်ခြင်ဖို့ လိုပါတယ်။ သံသယဖြစ်သွားရင် သွားပြီပေါ့။ ဝေးပြီပေါ့နော်။ သံသယဖြစ်သွားရင် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး အလှမ်းဝေးသွားမှာပေါ့။ မယုံကြည်တဲ့အခါကျတော့။ ကျွန်တော်ကတော့ နားလည်ပါတယ်။ အဲဒါကြောင့် တစ်ချို့ဟာတွေကို အရေးမယူပါဘူး။ အဲဒီလိုသာအရေးယူစတမ်းဆိုရင် တစ်ချို့မိတ်ဆွေတွေက ၆၆ (ဃ) နဲ့ တော့ မလုပ်ပါနဲ့ဗျာလို့ပြောကြတယ်။ အဲဒီလိုဖြစ်ကုန်မှာပေါ့။ အပြန်အလှန်နားလည်မှုပေါ့။ သည်းခံရတာပါပဲ။ သူလည်း နားလည်လာလိမ့်မယ်လို့ထင်ပါတယ်၊ တစ်ချိန်ကြရင်။ အခက်အခဲကတော့ ရှိနေတုန်းပဲ။ ကချင်ဒေသမှာဆို ရှိနေတုန်းပဲ။ မှန်ပါတယ်၊ Media Access က မလုံလောက်ဘူးဆိုတာ။ တစ်ဖြည်းဖြည်းနဲ့တော့ လာမှာပါ။ ရခိုင်ကိုတော့ ပိုပြီး စိပ်စိပ် လွှတ်မှာပါ။ ဇွန်မှာ နိုင်ငံခြားသားတစ်ဖွဲ့လာမယ်။ နောက် ပြည်တွင်းအဖွဲ့ လာမှာပါ။ ၀မ်းနည်းစရာက ပြည်တွင်းက ကိုယ့်စရိတ်ကိုယ် ကျခံရမဲ့အပိုင်းပေါ့။ ပြည်ပကလူလည်း ကိုယ့်စရိတ်ကိုယ် ကျခံရတာပေါ့။ အဲဒါကတော့ ဘယ်လိုမှ လုပ်လို့ မရနိုင်လို့ပါ။

မေး။ ရိုက်တာသတင်းထောက် ၂ ယောက်နှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ကြားဝင်ဖြေရှင်းပေးမှု မရှိဘူးလို့ ပြောဆိုနေကြမှုအပေါ် ၀န်ကြီးအနေနဲ့ ဘာများ ပြောလိုပါသလဲ။
ဖြေ။။ ဝေဖန်တဲ့လူတွေက ဘာမှမသိလို့ ပြောနေတာပဲလို့ ကျွန်တော် ယူဆပါတယ်။ ဒီကိစ္စမှာ အခု လောလောဆယ်မှာတော့ Court Case ၊ တရားရုံးက ကိုင်တွယ်နေတဲ့ကိစ္စ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ကျင့်ဝတ်ဥပဒေအရလည်း ၀င်ရောက် Comment လုပ်လို့မရဘူးခင်ဗျ ။ လူတွေကတော့ အမျိုးမျိုးပြောနေကြတာပဲ။ ထင်ရာပြောနေကြတာ။

မေး။ ။ အစိုးရသတင်းတွေကို ၊ အစိုးရလုပ်ကိုင်ဆောင်ရွက်ပုံတွေကို ပုဂ္ဂလိက မီဒီယာတွေမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါသလဲရှင်။

ဖြေ။ ။ တစ်ချို့ ကြိုးစားလုပ်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် လုပ်စရာက အများကြီး ကျန်သေးတာပေါ့။ ဒါလည်း ကျွန်တော် အပြစ်မပြောပါဘူး ခင်ဗျ။ အဲဒါကြောင့် နိုင်ငံပိုင်မီဒီယာဆိုတာ လိုအပ်နေတာပေါ့။ ဘာလို့လဲဆိုတော့ ဥပမာတစ်ခု ကျွန်တော် ပြောမယ်။ ဥပဒေမူကြမ်းတစ်ခုကိုပေါ့။ လွှတ်တော်ကနေ ပြည်သူကို ချပြတယ်။ ဥပဒေအပြည့်အစုံကို ထုတ်ပြန်ဖို့ လိုပါတယ်။ အဲဒီအခါကြရင် ပုဂ္ဂလိကမီဒီယာတွေက စာမျက်နှာအကုန်ခံ ထုတ်နိုင်ပါ့မလားလို့ ။ ပိုက်ဆံလည်း မရဘူးဆိုရင်ပေါ့လေ ။ အဲဒီသဘောတွေ ရှိပါတယ်။ အဲဒီအခါကြတော့ အစိုးရမီဒီယာက ရှိဖို့ လိုအပ်တယ်။ အခုဆို တစ်ချို့က တော်တော် အားထုတ်တာ တွေ့ပါတယ်။ တစ်ချို့ပြည်တွင်းမီဒီယာတွေလေ၊ တော်တော်ကို အားထုတ်ကြတာ တွေ့ပါတယ်ခင်ဗျ။ ကျွန်တော်စိုးရိမ်တာတစ်ခုက အဲဒါပါပဲ။ နောက် Editorial Policy ကို ပြင်ပကနေ လွှမ်းမိုးမှုတွေကျရောက်မှာကို သိပ်စိုးရိမ်ပါတယ်။ ကျွန်တော့ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်တာကို မြင်ချင်ပါတယ်။ လွတ်လွတ်လပ်လပ်တွေးခေါ်ပါ။ ကိုယ့်အချင်းချင်းဝေဖန်ထောက်ပြတာ ပြဿနာမရှိဘူးခင်ဗျ။ အပြင်ကတစ်ယောက် ထောက်ပြတာနဲ့ ကွာပါတယ်။ ကျွန်တော်တို့မှာ ညီအစ်ကိုတွေ ကိုယ့်အချင်းချင်း ဖြစ်နေတဲ့ကိစ္စ ရှိတယ်။ အပြင်ကလူနဲ့ ဖြစ်နေတဲ့ကိစ္စ ရှိတယ်။ ရခိုင်ဖက်ဆို ကိစ္စတစ်မျိုးပေါ့။ ကချင်မှာဖြစ်နေတာနဲ့ သဘာဝချင်းမတူဘူးလို့ ထင်ပါတယ်။ အဲဒီဟာလည်း ခွဲခြားမြင်ဖို့ လိုပါတယ်။

ဒါပေမယ့် ဒီထက်မက လုပ်လို့ရပါသေးတယ်။ အများကြီးလုပ်စေချင်ပါတယ်၊ လက်တွဲပြီးတော့ပေါ့လေ။ အဲဒီဟာအတွက် ကျွန်တော်တို့ကလည်း နားလည်မှုတွေ ၀ိုင်းဝန်းပေးဖို့ လိုပါတယ်။ အပြန်အလှန်လက်တွဲပြီး လုပ်ရင် အဆင်ပြေမှာပါ။ ကျွန်တော်တို့ ထိုင်ပြီးတော့ ပြောဖို့လိုပါတယ်ခင်ဗျ။ ဆိုရှယ်မီဒီယာမှာ အမျိုးမျိုးဝေဖန်အပုပ်ချတာတွေ ၊ အဲဒါတွေထက်လေ ထိုင်ပြီးတော့ ၊ တစ်ချိန်ကြရင် လုပ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာတွေလုပ်နိုင်လဲ၊ ဘာတွေမလုပ်ပေးနိုင်ဘူးလဲ။ ချပြညှိနှိုင်းပြီးတော့ ဖြစ်မှာပါခင်ဗျ။ ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ အခုဟာကလည်း အဲဒါရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အပြန်အလှန်ယုံကြည်မှု တည်ဆောက်တာပေါ့။

မေး။ ။ ၀န်ကြီးဌာနတွေကို မေးခွန်းတွေ မေးမြန်းရာမှာ ဖြေကြားဖို့ အဆင်သင့်မဖြစ်သေးတော့ ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ ဘာတွေကူညီသွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ဒီဟာကိုကြားရတာ ကျွန်တော် မအံ့သြပါဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့ရဲ့ ဖြတ်သန်းလာတဲ့ နှစ်ပေါင်း ၅၀ က ဘာမှ မှ ပြောလို့မှ မရတာ။ တစ်ခုကတော့ Proactive Disclosure ပေါ့။ ကိုယ့်ဘက်က ထုတ်ပြန်သင့်တာထုတ်ပြန်တယ်။ နောက်တစ်ပိုင်းက ၊ နောက်တစ်ခြမ်းကတော့ Reactive Disclosure လို့ ခေါ်ပါတယ်။ မီဒီယာသမားတွေက မေးလာတဲ့အခါမှာ ဖြေကြားဖို့ ကျွန်တော် တိုက်တွန်းပါတယ်ခင်ဗျာ။ အဲဒါကြောင့်လည်း Information Committee တွေ ထားမယ်။ Information teams တွေကို ဖွဲ့ပေးကြပါ။ Spoke Person ( ပြောရေးဆိုခွင့်ရှိသူ) တွေ သတ်သတ်မှတ်မှတ်ပေါ့။ အခုက သတ်သတ်မှတ်မှတ် မရှိဘူးခင်ဗျ။ သက်ဆိုင်ရာအသင်းဝင်တွေ၊ အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေကပဲ တာဝန်ယူနေရတယ်။ သူတို့မှာ ကိုယ့်လုပ်ငန်းလည်း ရှိတယ်၊ ဒါလည်း ကိုင်ရတယ်ဆိုတော့ တာဝန်များပြားပါတယ်ခင်ဗျ။ အဲဒါကိုလည်းသိအောင် ကျွန်တော်တစ်ချက်လောက် သိအောင်ရှင်းပြချင်ပါတယ်။ မဇ္ဈိမကနေ တစ်ဆင့်ပေါ့လေ၊ မီဒီယာညီအစ်ကိုတွေသိအောင်။ အဲဒီတော့ ဟိုလိုဖြစ်ဖို့အတွက် ဖွဲ့စည်းပုံတောင် ပြောင်းရမယ်။ သတ်သတ်မှတ်မှတ်ထားပေးရမယ်။ Information Officer ဆိုတာ ထားပေးရမယ်။ နှစ်ယောက် အနည်းဆုံး ခန့်ရမယ်။ Spoke Person ထားပေးရမယ်။ အဲဒီဟာကတော့ နောက်ထပ်ခြေလှမ်း နည်းည်းလှမ်းရဦးမယ်ပေါ့။ ကျွန်တော်စောစောက ပြောတဲ့ RTI ဆိုတာလေ ၊ Rights to Information Law၊ ကျွန်တော်တို့ဆီမှာ Zero Draft ရနေပါပြီ။ မကြာခင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကို တင်ပါ့မယ်။ အဲဒီမှာ ဆွေးနွေးကြမယ်ပေါ့။ အဲဒီဥပဒေသာ ပြဋ္ဌာန်းလာတဲ့အချိန်ကြရင် အဲဒီမှာ ပြဋ္ဌာန်းထားတာတစ်ခုက Public Funds နဲ့ လည်ပတ်တဲ့ အဖွဲ့အစည်းတွေပေါ့ ။ အများပြည်သူရဲ့ ရန်ပုံငွေနဲ့ လည်ပတ်တဲ့၊ အစိုးရဌာန ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ်ရင် ကျန်တဲ့ မဏ္ဍိုင် ၂ ခုက ဖြစ်မယ်ပေါ့လေ။

နောက်တစ်ခုက နိုင်ငံတော်က တင်ဒါတွေဘာတွေခေါ်ပြီးတော့ အများပြည်သူအကျိုးအတွက် လုပ်ကိုင်တဲ့ လုပ်ငန်းကြီးတွေပေါ့။ ဥပမာ- ရန်ကုန်လေဆိပ်တို့ စသည်ဖြင့်ပေါ့။ YBS တို့လိုပေါ့။ အကြီးကြီးတွေပေါ့။ သတင်းသမား မကဘူး။ အများပြည်သူက သိချင်လို့ မေးမြန်းလာရင် ဖြေနိုင်ရမယ်ပေါ့။ အဲဒါက သိပ်အရေးကြီးပါတယ်ခင်ဗျ။ ဒါကလည်း ဒီမိုကရေစီကိုတိုင်းတာတဲ့ ဂိုက်တံတစ်ခုပါပဲ။ နိုင်ငံပေါင်း ၁၁၀ ကျော်မှာ ရှိပါတယ်။ နောင် ကျွန်တော်တို့ အဆင်ပြေရင် မကြာခင်ပေါ်ထွန်းလာနိုင်တာပေါ့လေ။ Time Frame ကပေါ့ ပြောရခက်တာပေါ့လေ။ ကျွန်တော်တို့ ၀န်ကြီးဌာနတစ်ခုတည်းနဲ့တော့ မဆိုင်ဘူးပေါ့။ အဲဒီဟာမှာ အတိအကျ ပြဋ္ဌာန်းချက် ပါ ပါတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း ဖြေပေးရမယ်။ တစ်ခါ တစ်ခါလည်း မီဒီယာပိုင်းက လိုပါတယ်ခင်ဗျ။ အဲဒါကိုလည်း ပြောချင်ပါတယ်။ မီဒီယာပိုင်းကလည်း စိတ်ရှည်ဖို့လိုတယ်။ ကျွန်တော်တို့ချဉ်းကပ်ပုံ ချဉ်းကပ်နည်း လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ဆီကို ဌာနဆိုင်ရာက မိတ်ဆွေတွေ တော်တော်များများက ပြောကြပါတယ်။ Complain လာတယ်။ ကျွန်တော် တုန်လှုပ်ခြောက်ခြားရပါတယ်။ တစ်ချို့မီဒီယာတွေက False Identity နဲ့ မေးကြပါတယ်၊ နာမည်တွေပြောလို့မကောင်းဘူး။ ဘယ်မီဒီယာကပါ၊ ဘယ်သတင်းစာတိုက်ကပါ၊ နာမည်ကြီးတဲ့ဟာပေါ့။ ပြည်တွင်းမီဒီယာပါပဲ။ ဒါပေမယ့် မဟုတ်ဘူးတကယ်။ အဲဒါမျိုးတွေ ပါတယ်။ တစ်ခါက ကျွန်တော် စိတ်မကောင်း ဖြစ်ရတယ်။ အတိအကျပြောရရင် ဆရာဝန်မကြီးတစ်ယောက်ပေါ့လေ၊ ကျွန်တော့ကို ပြောပါတယ်။ သူ့အသံကို သူ့ဆွေမျိုးနဲ့ မိတ်ဆွေတွေက ပြည်ပက ရေဒီယိုတစ်ခုမှာ ကြားတယ်တဲ့။ သိပ်အံ့သြသွားပါတယ်တဲ့။ တစ်ခါမှလည်းအင်တာမဗျူးဘူးပါလားလို့။ ဟိုဖက်က ကက်ဆက်နဲ့ အသံဖမ်းထားတာပေါ့။ ရီကော်ဒါနဲ့ ဖမ်းထားတယ်။ Record လုပ်ထားတယ်။ အမှန်ဆို ကျင့်ဝတ်သိတဲ့သတင်းထောက်ဆို ပြောရမှာပေါ့နော်။ ရီကော်ဒါဆိုတာ မှတ်တမ်းအတွက်ထားတာလား။ Back Up ထားတာလား။ ကျွန်တော်တို့တုန်းကတော့ အဲလို သင်ပါတယ်၊ ကိုယ့်ရဲ့တပည့်တွေကို၊ တကယ့်ကို လူကြီးလူကောင်းဆန်ဆန်ပေါ့။ အသံသွင်းရင် အသံသွင်းခွင့်တောင်းရမယ်။ အသံသုံးမယ် ၊ ကျွန်တော်၊ ကျွန်မဟာ Voice-oriented Media ပေါ့။ အဲဒီလိုပြောရမှာပေါ့။ သူ ဘာမှ မသိလိုက်ဘူး။ တစ်ချို့ဟာတွေကြ Off the Record ပြောတယ်တဲ့။ ပြောတဲ့ဟာ အားလုံးသုံးတယ် ဆရာရေတဲ့။ အဲဒါဆို ယုံကြည်မှု မရှိဘူး ဖြစ်သွားတာပေါ့။ တစ်နည်းပြောရရင် Media ဖိုဘီးယား ခေါ်မှာပေါ့။ မီဒီယာကြောက်စိတ် လွှမ်းသွားလိမ့်မယ်။ ဒါလည်း သူတို့ကို အပြစ်တင်လို့မရဘူး။ Official Secret Act ဆိုတာ ရှိတယ်။ အဲဒီမှာလည်း ပါထားတယ်။ မပြောသင့်တဲ့အချက်ကို ပြောလို့မရဘူးဆိုတာ၊ အဲဒီဟာကို နားလည်ပေးရမှာပါ။ အပြန်အလှန်နားလည်မှုပါပဲ။ အပြန်အလှန်နားလည်မှု ရှိရမယ်။ ကျွန်တော်တို့ အစိုးရတစ်ခုလုံးရဲ့ လုပ်နေတဲ့ ပုံစံမျိုးပေါ့။ အပြန်အလှန်နားလည်မှုနဲ့ လည်ပတ်လှုပ်ရှားနေတယ်လို့ ကျွန်တော် နားလည်ပါတယ်။ နောက်ခံမျိုးစုံ၊ Background မျိုးစုံက လာကြတယ်။ မီဒီယာလည်း အဲဒီလိုမျိုးပါပဲ။ အဲဒီလိုနားလည်စိတ်နဲ့ ချဉ်းကပ်လိုက်ရင် အားလုံး အိုကေသွားမှာပါ။ အဆင်ပြေသွားမှာပါ။

မေး ။ ။အဲဒီလို မီဒီယာပိုင်းက အားနည်းတာက တော်တော်များများ ရှိနေတာလား။

ဖြေ။ ။ တော်တော်များများ ရှိနေပါတယ်။ Ethic နဲ့ ပတ်သက်ရင် Complain တွေ တော်တော်များများ ကြားနေရပါတယ်။ တော်တော်လေးကို Media Friendly ဖြစ်တဲ့ ၊ ခင်မင်နားလည်တဲ့မိတ်ဆွေတွေတောင် အဲဒီလိုပြောပါတယ်။ ကျွန်တော်ဆို အားပေးနေရတယ်။ တစ်ချို့ဆိုရင်တဲ့ အိမ်စာလည်း ကောင်းကောင်းလုပ်မလာကြဘူးတဲ့။ အိမ်စာလုပ်မလာဘူး။ ကိုယ်မေးတဲ့လူရဲ့ နာမည်တောင် မသိတာတွေ ရှိတယ်။ စီးပွားရေးသတင်းရေးတဲ့ကလေးတွေဆို ကျွန်တော် စိတ်မကောင်းဖြစ်လိုက်တာ။ သူတို့အထက်က လူကြီးတွေက မိတ်ဆွေဆိုတော့ နည်းနည်း သင်ပါဦးလို့၊ သူတို့ဆိုရင် ဘီလီယံနဲ့ မီလီယံကို မသိဘူးတဲ့။ One Billion မှာ မီလီယံ ၁၀၀၀ ရှိတယ်၊ သန်း ၁၀၀၀ ရှိတယ်ဆိုတာကို သူမသိဘူး။ အဲဒါမျိုးတွေပေါ့လေ။ အိမ်စာလုပ်ဖို့ပေါ့။ လေ့ကျင့်ဖို့လည်း လိုတာပေါ့လေ။ သတင်းသမားကတော့ ကိုယ့်ကိုကိုယ် လေ့ကျင့် ပျိုးထောင်ပေးဖို့ လိုပါတယ်။ တစ်ချို့ကလေးတွေက ဖွင့်ပြောကြတယ်၊ စနစ်တကျသင်တန်း မတက်ဘူးပါ ဆရာရေတဲ့။ သင်တန်း ၆လ ၊ ၉ လ ။ အဲဒါ လုံလောက်တယ် သမီးလို့။ သတင်းသမားဟာ မာစတာ ယူစရာမလိုဘူး။ အတန်းထဲမှာ သင်တာနဲ့ လက်တွေ့လုပ်တာ မဆိုင်ဘူးလို့။ တစ်ချို့ ထူးချွန်ထက်မြက်တာတွေ တွေ့ပါတယ်။ သူက လုပ်လေလေ၊ ပိုထက်မြက်လေလေပါပဲ။ အတွေ့ကြံုကတော့ စကားပြောမယ်။ သီအိုရီပိုင်းကတော့ တစ်ကဏ္ဍပေါ့။ တစ်ချို့က အလားအလာ တော်တော်ကောင်းကြပါတယ်။ ဒါပေမယ့် ဆုံးမပဲ့ပြင်မှုလည်း လိုတယ်။ အဓိက အယ်ဒီတာပါပဲ။ အယ်ဒီတာက ခိုင်းရတာကိုး။ ကြိုပြီးတော့ အိမ်စာ လုပ်ခိုင်းရမယ်။ သတင်းတစ်ခုကို ကြိုပြီးတော့ လုပ်ခိုင်းရမယ်။ လေ့လာတတ်ရင်တော့ အဆင်ပြေမှာပါ။ လေ့ကျင့်သွားရင်ပေါ့။

မေး။ ။ လတ်လောမှာ ဝေဖန်သံတွေထွက်နေတဲ့ မှုခင်းအထူးသတင်းထောက်ကိစ္စနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လို ညှိနှိုင်းပေးဖို့ရှိပါသလား။

ဖြေ။ ။ ညှိနှိုင်းတယ်ဆိုတဲ့စကားအတိမ်အနက်က အတော်သွားပါတယ်။ ကျွန်တော် အဲဒီဟာကို ကြားရပါတယ်ခင်ဗျ။ နိုင်ငံတကာမှာလည်း မေးကြည့်ပါတယ်၊ ကျွန်တော့မိတ်ဆွေတွေ ရှိတာပေါ့လေ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၀င်ညှိလိုက်ရင် ကျွန်တော်တို့ အဆဲခံရတော့မှာပေါ့။ တကယ်တမ်းကြတော့ ဒီဟာတွေ လုပ်ရမှာသည် သက်ဆိုင်ရာ Media House တွေ ၊ မီဒီယာလုပ်ငန်းအားလုံးပဲ ၊ သတင်းမီဒီယာ ကောင်စီလို့ ခေါ်ပါတယ်။ နောက် အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ MJA တို့၊ MJU တို့ ၊ MJN  တို့ အားလုံး ပူးပေါင်းပြီးတော့ ထိုင်ဖို့ လိုပါတယ်။ အဲဒီတော့ တကယ့်စစ်မှန်တဲ့ သတင်းသမားတွေကို သတင်းသမားကတော့ လူတိုင်းမှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ လုပ်စားပိုင်ခွင့် ၊ ဒါကတော့ အခွင့်အရေးပေါ့လေ။ သို့သော် သူက Professional ဖြစ်ဖို့တော့လိုတယ်။ အဲဒီဟာအတွက် သက်ဆိုင်ရာ သူ့ကို အလုပ်ပေးထားတဲ့ သတင်းမီဒီယာ ဌာနက အရင် Identity က ထုတ်ပေးရမယ်။ ကျွန်တေ်ာ တခြားနိုင်ငံတွေကို မေးကြည့်တော့လည်း ၊ ထုတ်ပေးရမယ်။ အဲဒါကို တချို့နိုင်ငံတွေက Endorse လုပ်ပါတယ်ခင်ဗျ။  နီပေါလ်ကတော့ သူက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီကိစ္စကို သိချင်လို့ လေ့လာမေးမြန်းကြည့်တာပေါ့၊ အဲဒါကလည်း မိတ်ဆွေပါပဲ။ သူက အဲဒီ သတင်းထောက်ကဒ်ကို Press ကောင်စီက ဖြတ်ထုတ်လို့ရတယ်။ ဒါပေမယ့် အိန္ဒိယကျတော့ အဲဒီလိုမဟုတ်ဘူး။ ငါတို့အလုပ်မဟုတ်ဘူးတဲ့။ သက်ဆိုင်ရာ သတင်းဌာနက အလုပ်ပဲတဲ့။ အဲဒါကတော့ ကျွန်တော်တို့ ဝိုင်းပြီးတော့ ဆွေးနွေးရတာပေါ့။ ကိုယ့်ရဲ့ သတင်းစာတိုက်က သတင်းထောက်ကဒ်ပြား ထုတ်ပေးမယ်။ အဲဒါကို အားလုံးပါဝင်တဲ့ Press ကောင်စီတို့ ဘာတို့က Endorse လုပ်မှာပေါ့။ အဲဒီလိုဆိုရင်တော ့အဲဒီပြဿနာ ပြေလည်သွားမယ်လို့ ထင်ပါတယ်။ တကယ့် Professional သတင်းသမားကို ဘယ်သတင်းစာတိုက်ကမဆို ဒါပေမယ့် သူက Freelance ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ Professional ဖြစ်လို့ကတော ပြဿနာမရှိပါဘူး။ သူ့အလုပ်ကို သူလုပ်လို့ကတော့ ပြဿနာမရှိပါဘူး။ အားလုံး ဝို်င်းဝန်းပြီးတော့ လုပ်ရမှာပါ။ ပြန်ကြားရေးကတော့ ကျွန်တော်ထင်ပါတယ် ဝင်ပါဖို့ မသင့်တော်ပါဘူးခင်ဗျ။ ဝင်ပါတာနဲ့ ကျွန်တေ်ာတို့က အရှုပ်အထွေးတွေက ပိုပြီးတော့ ဖြစ်လာနိုင်တာပေါ့နော်။
 

မေး။ ။ အခုဆိုရင် Mizzima အပါအဝင် ရုပ်သံ Channel ၅ လိုင်း ထုတ်လွှင့်ခွင့် ရနေတာပေါ့နော်။ အဲဒီ Channel ၅ လိုင်း ထုတ်လွှင့်ခွင့်ရတာက မြန်မာ့မီဒီယာလောက လွတ်လပ်ဖို့ သတင်းဖော်ပြခွင့်ကို ဘယ်လိုမျိုးများ အထောက်အပံ့ ဖြစ်နိုင်မလဲ။

အများကြီး အထောက်အကူပြုမယ်ထင်ပါတယ်။ ဒါကလည်း ပုဂ္ဂလိက မီဒီယာကို တဖြည်းဖြည်း လွှဲပြောင်းခြင်းရဲ့ အပိုင်းပါပဲ။ အင်မတန်ကို ထင်ရှားတဲ့ ခြေလှမ်းတစ်ခုပါပဲခင်ဗျ။ အဲဒီရှေ့မှာလည်း ကျွန်တေ်ာတို့ ရှိခဲ့ပါတယ်။ တချို့ Channel တွေကို ပုဂ္ဂလိကတွေကို ပေးတယ်။ အခု နောက်ဆုံး Content Provider ၅ ခု လည်း ပါတယ်။ အဲဒါကလည်း ကျွန်တေ်ာ အဖွင့်မှာပြောခဲ့တဲ့၊ ဒီမိုကရေစီ လူ့ဘောင်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ မီဒီယာအခင်းအကျင်းကိုသွားဖို့ အင်မတန် ခြေလှမ်းကြီးတစ်လှမ်းပါပဲ။ အားလုံးအောင်အောင်မြင်မြင်နဲ့ ရပ်တည် လည်ပတ်နိုင်ပါစေလို့့ပဲ ဆုတောင်းပါတယ်။ အဲဒါအတွက်လည်း ကျွန်တေ်ာတို့ ပံ့ပိုးပေးနေပါတယ်ခင်ဗျ။ နည်းပညာအားဖြင့်ရော အားလုံးပေါ့လေ။ ကျွန်တေ်ာတို့ မျှဝေနေပါတယ်။     ။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တွေ့ဆုံခြင်း (အပိုင်း ၁)

Mizzima Weekly