လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

.

 

ကဲ ဒီကနေ့တော့ စကားပြေအရေးအသားအကြောင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။

စကားပြေအရေးအသားအမှားပြဿနာကိုဆွေးနွေးရင်းက အခါအားလျော်စွာ လူငယ်တွေနဲ့ပတ်သက်ပြီး တခြားအကြောင်းအရာများကိုလည်း ကြားညှပ်ပြီး ဆွေးနွေးခဲ့တာရှိပါတယ်။ ဒါကလည်း ကျနော့်ရဲ့ ဒီကဏ္ဍခေါင်းစဉ်က လူငယ်တို့ရဲ့မိုးကောင်းကင် ဆိုတဲ့ခေါင်းစဉ်ဖြစ်တာမို့ ခေါင်းစဉ်ခွဲအမျိုးမျိုးအောက်မှာ စကားပြေအရေးအသားအပြင် အခြားအကြောင်းအရာတွေကိုလည်း ကြားညှပ်ပြီး ဆွေးနွေးခဲ့တာပါ။

ကဲ ကောင်းပါပြီ။ ဒီကနေ့ စကားပြေအရေးအသားအမှားပြဿနာဘက် ပြန်သွားကြဖို့ရှိပါတယ်။ ဒီကနေ့တော့ အဲဒီခေါင်းစဉ်ကို ပြန်ပြီးသွေးနှိုးတဲ့သဘော အင်တာနက်အွန်လိုင်း ဖေ့ဘုတ်စာမျက်နှာတွေပေါ်မှာ အပြောင်အပျက်ရေးနေကြတဲ့ မြန်မာစကားစုတွေအကြောင်း ပြောချင်ပါတယ်။

တကယ်တော့ မြန်မာစာကို သတ်မှတ်ထားတဲ့ စည်းကမ်းနည်းလမ်းအတိုင်းမရေးဘဲ အပြောင်အပျက်သဘော ရေးလာကြတာကတော့ သိပ်မကြာလှသေးပါဘူး။ ပုံနှိပ်မီဒီပဲရှိတဲ့ ခေတ်တွေကတည်းကပါပဲ။ ဒါပေမယ့် အင်မတန်နည်းပါးပါတယ်။ ပုံနှိပ်စာဖြစ်တာမို့ မေ့မေ့ပျောက်ပျောက် သဘောထားလို့ကလည်း မလွယ်တော့ စာကိုဖျက်ပြီး အပြောင်အပျက်သဘောရေးရင် အတည်လိုလိုဖြစ်စေနိုင်တာမို့ အပြောင်အပျက်သဘော သိတ်ပြီးမရေးခဲ့ကြတာလည်း ပါပါတယ်။ လူတွေကိုယ်တိုင်က ရေးထုံးကို တမင်ဖျက်ပြီးရေးဖို့ ဒီခေတ်လောက် မရဲကြတာလည်း ပါပါတယ်။

အခု ကျနော်တို့နိုင်ငံမှာ အင်တာနက်အွန်လိုင်းမီဒီယာ စတင်အသုံးပြုလာတာ ခြောက်နှစ်ကျော်ကျော် ရှိလာတဲ့အချိန်မှာ မြန်မာစာရေးထုံးနဲ့အညီမဟုတ်တဲ့ အပြောင်အပျက် သဘောရေးတဲ့ ရေးနည်းရေးဟန်တွေ ပေါ်လာတာ တွေ့ကြရပါတယ်။ အထူးသဖြင့် ကိုယ်ပိုင်စာမျက်နှာဖွင့်ပြီး တကမ္ဘာလုံးနဲ့ဆက်သွယ်လို့ရတဲ့ ဖေ့စ်ဘုတ်လို့ခေါ်တဲ့ စာမျက်နှာတွေပေါ်မှာ မြန်မာစာရေးထုံးကိုဖျက်ပြီး အပြောင်အပျက်သဘောရေးတဲ့ ရေးနည်းတချို့ ပိုများလာတာတွေ့ရပါတယ်။ ဒီလိုအပြောင်အပျက်ရေးနည်းကို အများဆုံးရေးနေကြသူတွေဟာလည်း လူငယ်နဲ့ လူငယ်သာသာ အရွယ်တွေက ခန့်မှန်းခြေ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိမလားပဲ။

ကျနော့်အနေနဲ့ကတော့ ရေးထုံးကိုဖျက်ပြီး အပြောင်အပျက်ရေးတဲ့နည်းကို မထောက်ခံပါဘူး။ အားလည်းမပေးချင်ပါဘူး။ ဒါပေမယ့် အသစ်အပေါ်သူများတွေထက် အာရုံကိုင်းညွှတ်တတ်တဲ့ အာသီသအပေါ် မူတည်ပြီးမှ လူငယ်အများစု  ဒီလိုရေးသားလာကြတာကိုလည်း တားလို့မရနိုင်ဘူးဆိုတာ လက်ခံမိပါတယ်။ ဒီလို ရေးထုံးဖျက်ရေးတဲ့ ဖေ့ဘုတ်ဝေါဟာရပျက်ရေးနည်းအပေါ် အကြံပြုလိုချင်တာက ရေးထုံးကိုအလေးအနက်မထားဘဲ တမင်အပြောင်အပျက်ရေးတဲ့ကိစ္စကို အသိရှိရှိနဲ့ထိန်းထိန်းသိမ်းသိမ်းနဲ့ရေးသင့်တဲ့အကြောင်း၊ ဒီရေးနည်းကို နည်းစံနစ်ကျကျ စဉ်းစားပြီးမှရေးသင့်တဲ့အကြောင်း အကြံပြုချင်ပါတယ်။ တမင်အပြောင်အပျက်ရေးဖို့ကြိုးစားရင်း ရေးရင်းနဲ့ တစ်ယောက်တစ်ပေါက် ရေးကြရင်းနဲ့ အင်မတန် တန်ဘိုးကြီးပြီး လူမျိုးတမျိုးရဲ့ အရေးပါလှတဲ့ စာပေရေးထုံး ပျက်စီးသွားတာမျိုး မဖြစ်ရအောင် ထိန်းသိမ်းရမယ့်တာဝန်ဟာ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါဟာ အမြင့်မားဆုံးပြောရရင် အမျိုးသားရေးတာဝန်လို့တောင်မှ ပြောလို့ရပါတယ်။

ဒီနေရာမှာ ရေးထုံးဖျက်ပြီး အပြောင်အပျက်ရေးလာကြလို့ အရှုံးထဲကအမြတ်ရနိုင်တာ၊ ဒါကလည်း အင်မတိအင်မတန် ရခဲတဲ့အမြတ်ပါ။ အဲဒါကတော့ အဲဒီအပြောင်အပျက်ရေးနည်းတွေထဲက ကြက်ကန်းဆန်အိုးတိုးဆိုသလို ရေးထုံးနည်းအသစ်တစ်ခုတလေများ ရနိုင်မလားဆိုတဲ့ ကျနော့်ရဲ့အတွေးပါ။

ဖေ့ဘုတ်ပေါ်က ရေးထုံးကိုဖျက်ပြီး အပြောင်အပျက်ရေးကြတဲ့ စကားလုံးဝေါဟာရတချို့ကို စနစ်တကျစုစောင်းတင်ပြကြတဲ့ပို့စ်ရဲ့ကျေးဇူးကြောင့် ကျန်ာတို့ဟာ ဖေ့ဘုတ်ဝေါဟာရများဆိုတဲ့ခေါင်းစဉ်နဲ့ ဖတ်ခွင့်ကြုံတတ်ပါတယ်။ စုစည်းထားတာဖြစ်လို့ တစ်စစီလိုက်ဖတ်ဖို့မလိုဘဲ တနေရတည်းမှာလေ့လာလို့ရတာဖြစ်လို့ ကျေးဇူးတင်မိပါတယ်။ အဲဒီ ဖေ့ဘုတ်ဝေါဟာရတွေထဲက ဝေါဟာရတချို့က စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။ အောက်မှာဖေါ်ပြထားတဲ့ ဖေ့စ်ဘုတ်ဝေါဟာရတချို့ကို လေ့လာကြည့်ပါ။

ကမ = ကောင်မ
ကိတ် = ကြီးသည် ဖွံ့ ထွားသည်
ကပ်ဝုန်း = မိတ်ဆွေအချင်းချင်း ရန်ရှာသည်
ကျေးကျေး = ကျေးဇူးတင်ကြောင်း ပြောဆိုသော စကား
ကျော် = ကျွန်တော်
ကျန်တေးရယ် = ကျန်သေးတယ်
ကျန်း = ကြည့်စမ်း
ကွကို = ကိုယ့်ဘာသာကိုယ်
ကြီး = ကိုရီး = ကိုႀကီး
ကျွတ်ဆင်ကြီး = ဆင်ထက်ကြီးသော ကျွတ်၊
သို့မဟုတ် နည်းနည်းကို များများဖြစ်အောင် ပြောသည်
ခ်ခ် = ခစ်ခစ် (ရယ်သံ)
ခရု = cute = ချစ်စရာ ကောင်းသော
ခရုလား = လှလား ချောလား
ခေး = ကလေး
ခင်ထား = လင်များသော မိန်းမ
ခင်ယုမေ = လင်လုပွေသည်၊ လင်မှုပွေသည်ဟု ဆိုလိုသည်
ချာ = စရာ
ချေသည် = ခပ်ကြွားကြွား ပြောသည်၊ မာန်တက်သည်
ခွီ သည် = ကျိတ်ရယ်သည် (လှောင်သည့်သဘော)
ခွီးပြဇေ = ရယ်ပါရစေ
ခွက်ဒစ် = credit = ဂုဏ်ပြု မှတ်တမ်းတင်သည်
ဂယော်ထော် = ဂယက်ထ
ဂယက်ထ = ရွစိထိုးနေသူ
ဂဠုန်ဆန် = လုပ်ကြံသည်
ဂါသည် = အကြည့်ရ ဆိုးသည်
ဂုကြသည် = အဖွဲ့လိုက်
ဂေါ်သည် = ကြည့်ကောင်းသော မိုက်သော
ဂယ်ရီး = တကယ်ကြီး
ဂယ်ရီးလား = တကယ်ကြီးလား
ဂျလုံးပလုံး = အပေအတေ ပေတီပေစုတ်
ဂျင်းထည့် = အထိနာမည့်စကားကို အပြောခံလိုက်ရခြင်း၊ ဂျင်းစားမိသလို စပ်ပူစပ်လောင် ဖြစ်ခြင်း
ဂွမ်းသည် = အရှက်ရသည်၊ ဒုက္ခတွေ့သည်၊ မကောင်းမွန်သော
ငိငိ = ရှက်ရယ် ရယ်သံ
ငင့် = မိမိ ခံလိုက်ရသောအခါ ပြလေ့ရှိသော အာမေဍိတ် (စိတ်မဆိုးသည့်သဘော)
ငယ်ချင်း = သူငယ်ချင်း
ငွငွ = ငိငိမှ ပုံစံပြောင်းလာပုံ ရသည်။ အားနာနာနှင့် ရှက်ရယ်ရယ်သည်
စခွီး = အကြောင်းအရာ တစ်ခုကို ရယ်စရာလုပ်ပြောသည်
စာမွဲ = စာမေးပွဲ
စွန်း = အရမ်း၊ အလွန်
ဇမ်း = အရမ်း
ဆပ = ဆက်ပြော
ဆေးထိုးသည် = အချွန်နှင့် မသည်
ဆိုးခရု = so cute = အရမ်း ချစ်စရာ ကောင်းတာပဲ (အလွန် ချစ်ဖွယ်ကောင်းသော)
ဆိတ်သား = ယောက်ျားအစစ်
ဆယ်လီ = cele = ဖေ့စ်ဘုတ်တွင် လူသိများသော
ဆြာ = ဆရာ
ဆွာ = ဆိုတာ
ညလေး = ညီမလေး
ညေး = ညီလေး
တိဘူး = မသိဘူး
တင်ပျဇီ = တင်ပါရစေ
တိန် = တုံ့ပြန်ချေပရန် စကားမရှိသောအခါ အာမေဍိတ်အဖြစ် သုံးသည်
တျဲ = အသည်း (အသဲ)
တျောက် = တစ်ယောက်
တွားလက်အူးမျယ် = သွားလိုက်ဦးမယ်
ထှာ = တာ
ဒရှိ ဒရှိ = စွမ်းဆောင်ချက်တစ်ခုခု အောင်မြင်ခြင်း အဆင့်အတန်းတစ်ခု ရှိခြင်း၊ သို့မဟုတ် နှစ်လိုအားကျဖွယ်ရာ အခြေအနေတွင် ရရှိလာသော ပီတိ ကြောင့် ထွက်ပေါ်လာသော အာမေဍိတ်
ဒဲ့ ကွိုင် = မျက်နှာချင်းဆိုင် ပြဿနာရှာ ရန်တွေ့သည်
ဒင်းစတင်း = မဟားဒယား ကြီးသော
ဒေါင်းဇား = သူတောင်းစား
နမစပ = နောက်မှဆက်ပြော
နှစ်ကျပ်ကွက် = တန်ဖိုးမရှိသော၊ ရူးနှမ်းသော
ပလော်ပလန်¿ = problem ¿၊ ပြဿနာတက်သည်
ပလစ် = လျှော်သည်၊ ပစ်ထားသည်
ပလပ်ကျွတ် = ဂေါက်သွားသည်။ သွက်သွက်ခါ ရူးသွားသည်။ ဒုက္ခရောက်သည်။
ပု = ဘူး (ဟုတ်ဘူး = ဟုတ်ဘူး)
ပုလင်းချိတ် = ဆေးအကြီးစား ထိုးသည် အချွန်ကြီးနှင့် ပင့်သည်
ပေါ်ကရော်လော်ဆော် = ပေါက်ကရလေးဆယ်
ပိတ်သတ် = ပရိတ်သတ်
ပိန်းဥ = ပိန်းသောသူ၊ အသူ ထူသူ။
ပျဇီ ပျဇေ = ပါရစေ
ဖုန်ထသည် = ချိုကြွသည် အသံကောင်းဟစ်သည်။ လေကြီးလေကျယ် စကားနာထိုးသည်။
ဗြဲ = အားရပါးရ ရယ်သံ
ဘဒို = brother = အစ်ကို
ဘာလား= ဘာလဲ
ဘားဟုတ်ပု = ဘာမှ မဟုတ်ဘူး
ဘီးကျဲ = အသက် လေးဆယ်နှင့်အထက် သူဌေး၊ သို့မဟုတ် ထိုသူကဲ့သို့  စတိုင်ဖမ်းသူ၊ သို့မဟုတ် ဘဲကြီး
ဘွတူ = ဘဝတူ
ဘွီး = ဘုန်းကြီး
မတင်စိန် = Photo များ ဖေ့စ်ဘုတ်တွင် အလွန်အမင်း တင်သောသူ
မအလ = မအားလို့ 
မာကျန်း = ဒီမှာ ကြည့်စမ်း
မာမာဝေ = အာသာမပြေ
မုမု = move = ဟိုဘက်ရွှေ့စမ်း၊ ဝေးဝေးနေစမ်း
မူးထှာ = တစ်စုံတစ်ယောက်၏ ကြွားဝါမှု မျက်စိနောက်မှုများကို မြင်ရသောအခါ သုံးသည်
မယ်အံ့ကျော် = ဇွတ်တရွတ် အကြမ်းပတမ်း လုပ်သော မိန်းမ၊ ကိုယ်နှုတ် အမူအရာ ကြမ်းတမ်းသော မိန်းမ
မျပု = မရဘူး
မြင်းဖြူရှင် = ပိုင်းလုံး (ခြူသောကြောင့် ဖြစ်သည်။)
မြုံပု = မယုံဘူး
မွစိ မွစိ = အာဘွား..လို့ ပြောတာ။
မွမွ = အာဘွား..
မြီး = အစ္မႀကီး
မွင်းခါး = မုန့်ဟင်းခါး
ရွံထှာ = ရွံရှာစက်ဆုပ်သည်
လေပူထ = အလွန်အမင်း သောကဖြစ်သည်
လေဘာတီ = လေပါသည်၊ စိတ်လေသည်၊ ညစ်သည်
လုပ်ပျိုက်မှာ = လုပ်ပစ်လိုက်မှာ
လျှမ်းသည် = ကဲသည်
ဝုန်းသည် = ဖြဲသည် သောင်းကျန်းသည်။ တရပ်စပ် ဖြစ်သော ဆက်တိုက်ဖြစ်သော သဘော ရန်မူသော
ဝှစ် = ပြောချင်တာပြောပြီး မျက်နှာလွှဲခဲပစ် မသိချင်ယောင်ဆောင်သံ
သာမီးစမီး = သမီး
သက်လား = သိလား
သယ်ရင်း = သူငယ်ချင်း
ဟုယား = ဟုတ်လား
ဟုဟု = ဟုတ်ဟုတ်
ဟျောင် = ဟယောင် = ဟေ့ကောင်
ဟျောင့် = ဟေ့ကောင်
ဟွာ = ဟိုဟာ
ဟွာလေ = ဟိုဟာလေ
အကိတ် = ခန္ဓာကိုယ် တောင့်တင်း၍ လုံးကြီးပေါက်လှ ကြည့်ကောင်းသူ
အစာခိမ = ပြောင်းပြန်ဖတ်ပါလေ
အဇမ်း = အရမ်း အလွန်အမင်း
အဆင် = သန့်စင်သော နှစ်သက်ဖွယ်ကောင်းသော
အမော် = အံ့သြသည်
အလင်းပြ = မသိသူကို ရှင်းပြသည် ပြောပြသည်
အာစိ = အာစရိ၊ ဆရာ
အာတာပူစီ = အလွန်အမင်း ဆန္ဒ ပြင်းပြသည်
အာတာလွတ် = ချစ်သူရည်းစားမရှိပဲ လွတ်နေသူ
အာ့ = အဲ့ဒါ
အာ့ဆွင် = အဲဒါဆိုရင်
အာ့မျိုးဒေ ညားဂျီး = အဲ့ဒါမျိုးတွေ အများကြီး
အာ့လာပြောတာ= အဲ့ဒါ လာပြောတာ
အေရိုး = မအေရိုး
အေးချမ်းမေ = တစစီ ကျိုးပဲ့နေ
သြဇာသီးတွေ မရောင်းနဲ့ = အာဏာ၊ သို့မဟုတ် အမိန့်ပေးသောကြောင့် မကြိုက်ကြောင်း ပြောဆိုသောစကား
အိုဗာတင်း = အလွန်အကျွံ
ဥက္ကာသန်း = လှုပ်ခါရမ်း
အိုင်းစ်= မိမိကိုယ်ကိုယ်၊ သို့မဟုတ် သူတစ်ပါးအား အထင်ကြီးလေးစားကြောင်း သွယ်ဝိုက်ပြသော အာမေဍိတ်
အပ်= သေးသည်

ဒီစကားလုံးတွေကို ဒီလောက်ရှည်ရှည်ဝေးဝေးဖော်ပြလိုက်တာဟာ အဲဒီ

စကားလုံးတွေကို အားပေးလို အမှန်ဖြစ်တယ်ဆိုသလို ရေးတင်လိုက်တာမဟုတ်ကြောင်း အထူးအလေးအနက်ထားပြီး ပြောချင်ပါတယ်။ အပြောင်အပျက်ရေးတာတချို့ဟာ မမျှော်လင့်ဘဲ မြန်မာဝေါဟာရ ပြောင်းလဲတိုးတက်လာပုံမျိုးနဲ့ သွားဆင်နေတာတွေကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်း ပြောချင်လို့သာ တမင်တင်ပေးလိုက်တာပါ။ တကယ်တော့ ဒီကနေ့ ဖေ့ဘုတ်နယ်ပယ်မှာ အသုံးပြုရေးသားနေကြတဲ့ စကားလုံးသစ်တွေဟာ သည့်ထက်မက အများကြီးရှိပါတယ်။ ကျနော်က လိုအပ်သလောက်သာ တင်လိုက်တာပါ။

မြန်မာစကားလုံးတချို့ ပြောင်းလဲတိုးတက်လာပုံတချို့ကို ရှေးက ကျောက်စာတွေ တန်းစီပြီးကြည့်ရင် သိနိုင်တာရှိပါတယ်။ ဥပမာ အရင်က “ကယ” ဆိုပြီးရေးခဲ့ရာက နောက်တော့ တစ်လုံးထဲပေါင်းပြီး “ကြ” ဆိုပြီး ကနောက်က ယပက်လက်ကို က နဲ့ပေါင်းရေးလိုက်တာမျိုးကို ဒီကနေ့ ဖေ့ဘုတ်ဝေါဟာရတချိုက အသုံးပြုတာ သွားတွေ့ရပါတယ်။ ရှေးတုန်းက “လူတွေအများကြီး” လို့ ရေးခဲ့ရာက “လူထု” ဆိုတဲ့ “လူ” နဲ့ “ထု” နှစ်လုံးထဲတွဲသုံးပြီး လူ နဲ့ ထု(ထူထဲခြင်း၊ များပြားခြင်း)၊ လူထု စကားလုံးသစ်ကို နိုင်ငံရေးနယ်ပယ်မှာ တီထွင်အသုံးပြုခဲ့ကြတဲ့သဘောမျိုးကိုကိုလည်း အပြောင်အပျက်ရေးတဲ့ ဖေ့ဘုတ်ဝေါဟာရတွေထဲ တွေ့ကြရပါတယ်။ စာလုံးရေအများကြီးရေးမှရတဲ့အဓိပ္ပါယ်ကို စကားလုံးတွေ ရေးရလွယ်အောင် မှတ်ရလွယ်အောင် ချုံ့ရေးပစ်လိုက်တဲ့နည်းနဲ့သွားတူတာ သတိပြုမိပါတယ်။ ဒါ့အပြင် အသံနဲ့ကာရံကိုလိုက်ပြီး အသစ်ထွင်လိုက်တာနဲ့ မမြင်ရတဲ့အကြောင်းအရာကို မြင်ရတဲ့ရုပ်ဝတ္ထုနဲ့တင်စားဖေါ်ပြပြီး စကားလုံးသစ်ထွင်တာတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လေ့လာ သတိပြုသင့်တဲ့အချက်တွေလို့လည်း ထင်ပါတယ်ခင်ဗျား။

ကဲဒီကနေ့တော့ ဒီလောက်ပါပဲ။

လူငယ်တွေ စကားပြေအရေးအသား မှန်ကန်ကောင်းမွန်နိုင်ကြပါစေ။