ဝယ်ယူခဲ့သည့် မျိုးစပါးမသန့်မှုကိစ္စ ဝန်ကြီးဌာနအဆင့်ထိ တိုင်ကြားစာပို့မည်

ဝယ်ယူခဲ့သည့် မျိုးစပါးမသန့်မှုကိစ္စ ဝန်ကြီးဌာနအဆင့်ထိ တိုင်ကြားစာပို့မည်

ဇွန် ၂၄၊ ဒီပဲယင်း ။          ။ ဝယ်ယူစိုက်ပျိုးခဲ့သည့် မျိုးစပါးမသန့်သောကြောင့် တောင်သူများတွင် အခက်အခဲများဖြစ်ပေါ်နေပြီး နစ်နာနေသည့်အတွက် ယင်းကိစ္စကို တောင်သူများလက်မှတ်ထိုး၍ ဝန်ကြီးဌာနအသီးသီးသို့ တိုင်ကြားစာပို့မည်ဟု ဒီပဲယင်းမြို့နယ်အတွင်းမှ တောင်သူများပြောသည်။

ပုလဲသွယ်စပ်မျိုးစပါး ၁ ကီလို လက်ငင်းစျေး ၄၃၀၀၊ သီးနှံပေါ်ပေး ၄၅၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပြီး မျိုးမသန့်သည့်အတွက် စပါးခင်းများတွင် အနှံများ အဆင့်ဆင့်ထွက်ခြင်၊းအမျိုးမတူသည့် အပင်များထွက်ခြင်း ၊အရောင်မတူကွဲပြားမှုများနှင့် ပင်ပေါက်ရာခိုင်နှုန်း (၇၀)သာရှိကြောင်း သိရသည်။

“မျိုးယူစဉ်ကာလကတည်းက  ၁ကီလိုအိတ် အထုတ် (၃၀) မျိုးမပေါက်ခဲ့လို့ ။ ကျွန်တော်တို့ ရွာက မျိုးစေ့ထုတ်ပေးတဲ့ ကိုယ်စလှယ်ကိုသွားပြပါတယ် သူကနေ ကုမ္ပဏီကို ဖုန်းဆက်ပြီး သုံးရက်အတွင်း ပြန်လဲပေးပါတယ်။ စိုက်ပြီးတော့ မျိုးတွေက သုံးမျိုးသုံးစားလောက်ဖြစ်နေပါတယ်။ အပင်ပုတွေ ပါတယ် ။ အပင်ရှည်တွေ ပါတယ်။ လုံးဝကို မပေါက်သေးတဲ့ အပင်တွေပါတယ် ။ ပုလဲသွယ်စိုက်ချင်လို့ တစ်ဧက တစ်ရာကျော်ထွက်တဲ့ဟာ ဝယ်စိုက်တာလေ။ ဒီဟာက မျိုးမပေါက်တော့ တွေ့ရာပျိုး ဝယ်စိုက်ရတယ် ။ ပေးရတဲ့ မျိုးစေ့ကလည်း စပါးတင်းတစ်ရာကို ၉၆ သိန်းလောက်ကျပါတယ် တောင်သူတွေစပါး ရိတ်သိမ်းတဲ့အခါမှာ တဧကမှ အလွန်ဆုံးရမှ ၅ သိန်းပါပဲ ။ တောင်သူတွေ နစ်နာပါတယ်။  ဘယ်လိုမှ အဆင်မပြေပါဘူး”ဟု သရက်ကန်အုပ်စု သရက်ကန်အရှေ့ရွာမှ ကိုကျော်တင့်က ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း ပုလဲသွယ် စပ်မျိုးစပါးကို တောင်သူ (၅၀) ရာခိုင်နှုန်းသုံးစွဲကြပြီး တောင်သူတစ်ဦးလျှင် အနည်းဆုံး ကီလိုအိတ်(၃၀)  ဝယ်သုံးစွဲကာ အများဆုံး ကီလိုအိတ် (၄၈၀) အထိ ဝယ်ယူ၍ ယင်းစပါးမျိုးစေ့ များကို ဒီပဲယင်းစိုက်ပျိုးရေးရုံးနှင့် ကုမ္ပဏီတစ်ခုမှ ဝယ်ခဲ့ကြောင်း သိရသည်။

“မျိုးစပါးကတော့ GW1 ကုမ္ပဏီကထွက်တာပါ။  တောင်သူတွေကို အကြွေးစနစ်နဲ့ဖြန့်ချိပေးတာပါ။ သီးနှံပေါ်ပေးပေါ့ ။ ကုမ္ပဏီကနေ ပို့ပေးတဲ့ မျိုးစပါးထုပ်ဆိုတော့လည်း ရာနှုန်းပြည့် စီစစ်ပြီးမကြည့်နိုင်ဘူးပေါ့။ တောင်သူတော်တော်များကတော့ မျိုးစပါးမသန့်ဘူးလို့တော့ ပြောတယ် ။ ကုမ္ပဏီကို လှမ်းပြောတော့ သူတို့နေ့နေ့ညည ရောက်အောင်လာခဲ့မယ်လို့ပြောပါတယ် ။ ဒီတစ်နယ်လုံး တော်တော်များများ စိုက်ပါတယ်။ သန့်တယ် ၊ မသန့်ဘူးတော့ သူတို့လယ်ဆိုတော့ သူတို့မှသိမှာလေ ။ အကြွေးစနစ်နဲ့ပေးထားတာဆိုတော့ ပြန်ကောက်မဲ့အချိန်မို့ အခုလိုပြောနေတာလားလို့ ကျွန်တော်အနေနဲ့ စဉ်းစားမိပါတယ်။ တိတိကျကျ ပြောလို့မရဘူးပေါ့” ဟု မျိုးစေ့ဖြန်ချိသည့် သရက်ကန်အုပ်စု သရက်ကန်အရှေ့ရွာမှ တောင်သူဦးအုန်းက ပြောသည်။

ကုမ္ပဏီဘက်မူ အပင်မပေါက်သည့် မျိုးများကို ကိုယ်စလှယ်ထံသို့ အကြောင်းကြားပါက အဖိုးအခမယူဘဲ  ပြန်လည်လှဲလှယ် ပေးသည်ဟု ပြောဆိုထားပြီး ယင်းသို့ လာရောက်လှဲလှယ်သည့် တောင်သူတစ်ဦးသာရှိကာ မျိုးစပါးမသန့်သည်ဟု လာရောက်ပြောဆိုသည့် တောင်သူအနည်းငယ်သာရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required